5 ရက် - ဘာသာပြန်ပါ။

မန်စီးတီးနှင့်ပွဲတွင် ဘက်ပေး ပါဝင်လာမှာ ဖြစ်ပေမယ့် ဘယ်လင်ဂမ် ပါဝင်မည်မဟုတ်
=====================
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကိုင်လီယန်ဘက်ပေးဟာ ကြံ့ခိုင်မှု ပြည့်ဝလာမှုနှင့်အတူမန်စီးတီးနှင့် ရင်ဆိုင် ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပါဝင်လာမှာ ဖြစ်ပေမယ့် အလယ်တန်းကစားသမားဂျူ့ဘယ်လင်းဂမ်ကတော့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

အသက် ၂၇ နှစ်ရှိ ပြင်သစ်အသင်းခေါင်းဆောင်ဘက်ပေးဟာ မတ်လအစောပိုင်းကတည်းက ဘယ်ဖက်ဒူးဒဏ်ရာကြောင့် အနားယူလာရသူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက် အိုဆာဆူနာနှင့်ပွဲကတည်းက ကစားလာနိုင်ခြင်း မရှိပါဘူး။

ဘယ်လင်ဂမ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗယ်လီကာနိုနှင့်ပွဲအစ ၁၀ မိနစ်တွင် တံကောက်ကြောဒဏ်ရာရရှိပြီးနောက် အနားယူလာရသူ ဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ မန်ချက်စတာသို့ လိုက်ပါလာခဲ့ပေမယ့်လည်း ပါဝင်ကစားလာနိုင်မှာ မဟုတ်ပါဘူး။

ဘယ်လင်ဂမ်ဟာ အစောပိုင်းတုန်းက လေးပတ်မျှသာ အနားယူရမယ်လို့ ယူဆခဲ့ရပေမယ့်လည်း ဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် ဆိုးရွားနေလို့ နောက်ထပ် အနားယူလာရဦးမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက "ဘယ်လင်ဂမ်က အသင်းဖော်တွေနဲ့အတူ အသင်းနဲ့ ရှိချင်ခဲ့တာပါ။ သူ လုပ်ရဦးမယ်၊ လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်မယ်။ ဒါပေမယ့် ပွဲကစားနိုင်မှာတော့ မဟုတ်ဘူး။ ဘက်ပေးက အသင့်ဖြစ်နေပါပြီ။ ဒီတော့ သူ့ကို မြင်ရမှာပါ။ သူ့ကို ကွင်းထဲမှာ မြင်ချင်နေပြီ။ သူ့ကို ပျော်စေချင်တယ်၊ ဂိုးတွေ သွင်းစေချင်တယ်။ ဒါပေမယ့် ပွဲမှာလည်း သူက အရေးပါတဲ့သူအဖြစ် ရှိနေပါမယ်"လို့ ပြောကြားသွားပါတယ်။

ဘယ်လင်ဂမ်ဟာ မန်စီးတီးနှင့်ပွဲစဉ်တွင် ပါဝင်လာနိုင်ခြင်း မရှိမှုနှင့်အတူ ယခုလနှောင်းပိုင်းတွင် ကစားမယ့် အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲစဉ်များတွင်လည်း ပါဝင်ကစားရန် မရေမရာ ဖြစ်နေပါတယ်။

အင်္ဂလန်ဟာ ယခုလနှောင်းပိုင်းတွင် ဥရုဂွေး၊ ဂျပန်တို့နှင့် ခြေစမ်းပွဲ ကစားပါမယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့တုန်းက ဘာနေဗျူးတွင် ကစားတဲ့ ပထမအကျော့ပွဲစဉ်တွင် ဗယ်ဗာဒီရဲ့ ပထမပိုင်း ဟက်ထရစ်ဂိုးများဖြင့် ၃-၀ ဖြင့် အနိုင်ရထားပါတယ်။

image