ကက်စ်မီရိုနှင့်ပတ်သက်ပြီး စိတ်ပြောင်းလာမှာ မဟုတ်တဲ့ ယူနိုက်တက်
===================
ယူနိုက်တက်ဟာ ရာသီအကုန်တွင် အသင်းမှ ထွက်ခွာခွင့်ပေးထားတဲ့ ဝါရင့်ကွင်းလယ်ကစားသမားကက်စ်မီရိုနှင့်ပတ်သက်ပြီး စိတ်ပြောင်းလဲလာမှာ မဟုတ်ကြောင်း သိရပါတယ်။

အသက် ၃၄ နှစ်ရှိ ဘရာဇီးကွင်းလယ်ကစားသမားဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီတွင် အသင်းရဲ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ခြေစွမ်းပြနေတဲ့ ကက်စ်မီရိုအား စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွာခွင့်ပေးလာမှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကက်စ်မီရိုကို တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိနေမှုကြောင့် တစ်နှစ်လုပ်ခ ပေါင် ၁၈.၂ သန်း သုံးနေရမှုနှင့်အတူ အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်းခွင့်ပေးလာတာပါ။

တဖက်တွင် ကက်စ်မီရိုဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်မှာ ၇ ဂိုးအထိ သွင်းထားကာ ခြေစွမ်းပြကစားနေမှုနှင့်အတူ ပရိသတ်များက တစ်နှစ်သက်တမ်းတိုးရေး တောင်းဆိုနေကြပါတယ်။

အက်စတွန်ဗီလာအား ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် ယူနိုက်တက်ပရိသတ်များဟာ ကက်စ်မီရိုအား တစ်နှစ်သက်တမ်းတိုးရေး သံပြိုင်အော်ဟစ် တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်နှင့် နောက်ခံလူယိုရိုတို့ကလည်း ကက်စ်မီရိုအား အသင်းတွင် ဆက်ရှိစေချင်ကြောင်း ဆိုသွားပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဘက်က ကက်စ်မီရိုရဲ့အနာဂတ်နှင့်ပတ်သက်ပြီး စိတ်ပြောင်းလဲလာမှာ မဟုတ်ဘဲ နွေရာသီတွင် ကွင်းလယ်ကို ရေရှည်စီမံကိန်းဖြင့် တည်ဆောက်ရေးသာ လုပ်ဆောင်နေပါတယ်။

နည်းပြမိုက်ကယ်ကာရစ်ကလည်း ယူနိုက်တက်ဘက်က စိတ်ပြောင်းလာဖို့ မရှိကြောင်း အရိပ်အမြွက်ဆိုထားပါတယ်။

ကာရစ်က "ဆုံးဖြတ်ချက်ချပြီးသား အချို့အရာက လုပ်ရတာ ပိုလွယ်တယ်။ လူတိုင်းလည်း ဒီအခြေအနေကို နားလည်ပါတယ်"လို့ ပြောကြားထားပါတယ်။

image