ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် မကူညီသည့် နိုင်ငံများကို ‘ငါတို့ မှတ်ထားမယ်’ ဟု ထရမ့်ဆို

သင်္ဘောလိုင်းများ သွားလာမှု ရပ်တန့်နေစဉ်အတွင်း ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ကူညီကြရန်၊ သို့မဟုတ်ပါက မကူညီသည့်နိုင်ငံများကို ‘ငါတို့ မှတ်ထားမည်’ ဟု ဒေါ်နယ်ထရမ့်က အခြားနိုင်ငံများကို သတိပေးလိုက်သည်။

ရေနံများသယ်ယူရာ အဓိက ရေလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ထက်စာလျှင် အခြားနိုင်ငံများအတွက် ပိုမိုအကျိုးကျေးဇူး ရှိနေသည်ဟုဆိုကာ အဆိုပါ ရေလက်ကြား လုံခြုံရေးအတွက် အခြားနိုင်ငံများက အမေရိကန်ကို ကူညီသင့်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

သမ္မတလေယာဉ် Air Force One ပေါ်တွင် သတင်းထောက်များနှင့် စကားပြောဆိုရာ၌ ထရန့်က အဆိုပါ ရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် ရေနံတင်ပို့မှုများအပေါ် ပိုမိုမှီခိုနေရသည့် တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများသည် ရေလက်ကြား လုံခြုံရေးအတွက် ပါဝင်ကူညီသင့်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့‌သေးသည်။

ထရမ့်အစိုးရ၏ နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ အက်ဒဝပ်ဖစ်ရှမန်းကလည်း “ဒီနိုင်ငံတွေဟာ အမေရိကန်ရဲ့ မဟာမိတ်တွေ ဖြစ်နေပေမဲ့လည်း၊ ပြီးခဲ့တဲ့နှစ်အတွင်း ထရမ့်အစိုးရက ချမှတ်ခဲ့တဲ့ အဆမတန် မြင့်မားတဲ့ သွင်းကုန်ခွန်ဒဏ်ကို အပြင်းအထန် ခံခဲ့ကြရတယ်ဆိုတာလေးကိုတော့ မေ့မထားကြဖို့ နဲ့ ပြန်သတိရဖို့ လိုပါတယ်” ဟု ဆိုသည်။

အကယ်၍ အခြေအနေများ ပြောင်းလဲသွားပါက ထရန့်အနေဖြင့် အကူအညီပေးရန်အတွက် တစ်ခုခုကို ပြန်လည်တောင်းဆိုလာနိုင်ကြောင်းလည်း သူက ထပ်လောင်းပြောကြားသည်။

ထရန့်၏ နောက်ဆုံးမှတ်ချက်များသည် သူ၏ Truth Social လူမှုကွန်ရက်ပေါ်တွင် စနေနေ့က ရေးသားခဲ့သည့် စာသားများအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါစာတွင် “အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ဖို့ ကြိုးစားနေတာကြောင့် ထိခိုက်မှုရှိနေတဲ့ နိုင်ငံအများအပြားဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ရေလက်ကြားကို ဘေးကင်းလုံခြုံစေဖို့နဲ့ လမ်းကြောင်းပွင့်နေစေဖို့အတွက် စစ်သင်္ဘောတွေ စေလွှတ်ကြလိမ့်မယ်” ဟု ရေးသားခဲ့သည်။

သို့ရာတွင် မည်သည့်နိုင်ငံကမျှ အဆိုပါရေလက်ကြားသို့ စစ်သင်္ဘောများ စေလွှတ်မည့် အစီအစဉ်ကို ကြေညာခြင်း မရှိသေးပေ။

ထူးခြားသည်မှာ ထရမ့်ကသာ အခြားနိုင်ငံများကို တိုက်တွန်းနေသော်လည်း အမေရိကန်ရေတပ်ကပင်လျှင် ထိုရေလမ်းကြောင်းတစ်လျှောက် သင်္ဘောများကို အစောင့်အရှောက် လိုက်ပါပေးခြင်း မရှိသေးခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က Reuters သတင်းဖော်ပြချက်အရ သင်္ဘောလုပ်ငန်းကဏ္ဍမှ “နေ့စဉ်နီးပါး” တောင်းဆိုနေသည့် အစောင့်အရှောက်ပေးရန် တောင်းဆိုချက်များကို အမေရိကန်ရေတပ်က ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်မှာ အလွန်မြင့်မားနေခြင်းကြောင့်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက အရှေ့အလယ်ပိုင်းသို့ အစောင့်အရှောက်ပေးရန် စစ်သင်္ဘောများ စေလွှတ်ရန် အစီအစဉ်မရှိကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သလို၊ ဩစတြေးလျ သယ်ယူပို့ဆောင်ရေးဝန်ကြီး ကတ်သရင်း ကင်းကလည်း ကင်ဘာရာအနေဖြင့် သင်္ဘောများ စေလွှတ်မည်မဟုတ်ကြောင်း ABC နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ နယူးဇီလန် ဘဏ္ဍာရေးဝန်ကြီး နီကိုလာ ဝီလစ်ကလည်း အလားတူ တောင်းဆိုချက်မျိုး မိမိတို့နိုင်ငံထံသို့ မရောက်ရှိသေးကြောင်း CNBC သို့ ပြောကြားခဲ့သည်။

image