မန်ချက်စတာတွင် ပါဝင်ကစားရန် ဘက်ပေး ဆန္ဒပြင်းပြနေ
====================
ကိုင်လီယန်ဘက်ပေးဟာ အင်္ဂါနေ့ည အီတီဟတ်ကွင်းတွင် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပါဝင်ကစားရန် ဆန္ဒပြင်းပြနေကြောင်း သိရပါတယ်။

ဘက်ပေးဟာ ဘယ်ဖက်ဒူးဒဏ်ရာပြဿနာကြောင့် အနားယူနေရသူ ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှ စတင်ကာ လေ့ကျင့်ခန်းဆင်းလာနိုင်သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဆေးအဖွဲ့ဟာ ဘက်ပေးအား အရဲစွန့် အသုံးပြုခဲ့ခြင်း မပြုဘဲ မန်စီးတီး၊ အယ်ချီပွဲစဉ်တို့တွင်လည်း ဆက်လက် အနားပေးလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကိုင်လီယန်ဘက်ပေးဘက်က ကြံ့ခိုင်မှုပြည့်ဝခြင်း မရှိသေးမှုနှင့်အတူ အရဲစွန့် အသုံးပြုလာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဘက်ပေးဟာ ဒဏ်ရာအခြေအနေမှာ ပုံမှန်အတိုင်း တိုးတက်မှု ရှိနေမှုနှင့်အတူ မန်ချက်စတာတွင် ကစားရမယ့် ပွဲစဉ်မှာ ပါဝင်ကစားရေး ဆန္ဒပြင်းပြနေပါတယ်။

သူဟာ စပိန်စူပါဖလားပြိုင်ပွဲတုန်းကလည်း ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိပေမယ့် ဘာစီလိုနာနှင့် ဗိုလ်လုပွဲတွင် အရဲစွန့် ပါဝင်ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာကတော့ ဘက်ပေးရဲ့ အခြေအနေကို စောင့်ကြည့်ပြီးမှ မန်စီးတီးနှင့်ပွဲတွင် သုံး/မသုံး ဆုံးဖြတ်သွားပါမယ်။

ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးနှင့်ပွဲအပြီး ယခုအပတ်အကုန်တွင် မက်ဒရစ်ဒါဘီပွဲစဉ်အဖြစ် အက်သလက်တီကိုနှင့် ရင်ဆိုင်ကစားရန်လည်း ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘာနေဗျူးတွင် ကစားခဲ့တဲ့ ပထမအကျော့တုန်းက မန်စီးတီးအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားခဲ့ပါတယ်။

image