စီးရီးဘီကလပ် စီဆီနာနည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရတဲ့ အက်ရှ်လေကိုးလ်
==================
အာဆင်နယ်နှင့် ချဲလ်ဆီးနောက်ခံလူဟောင်းအက်ရှ်လေကိုးလ်ဟာ စီးရီးဘီကလပ် စီဆီနာနည်းပြသစ်အဖြစ် ယာယီအကုန်အထိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံလာရပါတယ်။

အင်္ဂလန်အတွက် ၁၀၇ ပွဲကစားခဲ့တဲ့ အက်ရှ်လေကိုးလ်ဟာ ၂၀၁၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက် အလုပ်လုပ်လာခဲ့သူ ဖြစ်ပါတယ်။

သူဟာ ဒါဘီကောင်တီ၊ အဲဗာတန်၊ ဘာမင်ဂမ်၊ ချဲလ်ဆီးတို့တွင် နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သလို အင်္ဂလန်ယူ-၂၁ အသင်းနှင့် အင်္ဂလန်အသင်းတို့တွင်လည်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် သူဟာ နည်းပြချုပ်အဖြစ် တစ်ကြိမ်မျှ တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်း မရှိပါဘူး။ ယခု စီးရီးဘီကလပ် စီဆီနာက အက်ရှ်လေကိုးလ်အတွက် ပထမဆုံးနည်းပြချုပ်ရာထူးဆိုရင်လည်း မမှားပါဘူး။

အက်ရှ်လေကိုးလ်ဟာ ကစားသမားဘဝတုန်းက ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၇ ကြိမ်အပြင် လိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတို့လည်း ရရှိဖူးပါတယ်။

သူဟာ ၂၀၁၄ ခုနှစ်တုန်းက ချဲလ်ဆီးမှ ထွက်ခွာကာ စီးရီးအေကလပ် ရိုးမားတွင် တစ်ရာသီ ကစားစဉ်တုန်းက ၁၆ ပွဲကစားခဲ့ဖူးပါတယ်။

စီဆီနာဟာ စီးရီးဘီအမှတ်ပေးဇယားအဆင့် ၈ နေရာတွင် ရပ်တည်နေပြီး နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားကာ ၄ ပွဲရှုံး၊ ၃ ပွဲ သရေကျထားပါတယ်။

အက်ရှ်လေကိုးလ်ဟာ စီဆီနာအတွက် ပထမဆုံးပွဲအဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့ မန်တိုဗာနှင့်ပွဲအား ကြီးကြပ်ရပါမယ်။

ဖရန့်လမ်းပတ်၊ ဝိန်းရွန်းနီတို့ရဲ့လက်အောက်တွင် လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အက်ရှ်လေကိုးလ်ဟာ စီဆီနာနှင့် ရာသီအကုန်အထိ စာချုပ်အတွင်းတွင် စာချုပ်သက်တမ်းတိုးချုပ်ဆိုနိုင်မယ့် အချက်များကိုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။

image