ယူနိုက်တက်သမိုင်းတွင် တစ်ရာသီတည်းတွင် ဖန်တီးမှုအများဆုံးစံချိန်သစ် ရေးထိုးလာတဲ့ အသင်းခေါင်းဆောင်ဖာနန်ဒက်စ်
=======================
ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာ အက်စတွန်ဗီလာနှင့်ပွဲတွင် ယူနိုက်တက်ရဲ့ အဖွင့်ဂိုး ၂ ဂိုးအား ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကလပ်သမိုင်းတွင် တစ်ရာသီတည်းတွင် ဖန်တီးမှုအများဆုံးစံချိန်အား ရေးထိုးလာပါတယ်။
ပေါ်တူဂီကွင်းလယ်ဖန်တီးရှင်ဟာ ထောင့်ကန်ဘောမှတဆင့် ကက်စ်မီရို ခေါင်းတိုက်ဂိုးသွင်းနိုင်အောင် ဖန်တီးခဲ့သလို မားသီးယပ်စ်ကန်ညာ ဒုတိယဂိုးသွင်းနိုင်အောင်လည်း လှပတဲ့ ဘောလုံးပေးပို့မှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ယခုအခါ ယူနိုက်တက်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ဖန်တီးမှု ၁၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပြီး ရွန်းနီ၊ ရိုင်ယန်ဂစ်၊ ဒေးဗစ်ဘက်ဟမ်းတို့နောက် စတုတ္ထမြောက် ကစားဖြစ်လာပါတယ်။
ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ်ဟာ ယခုရာသီ ဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ကာ ၁၉၉၉-၂၀၀၀ တုန်းက တစ်ရာသီတည်းတွင် ဖန်တီးမှု ၁၅ ကြိမ်ဖြင့် ဖန်တီးမှုအများဆုံးအဖြစ် စံချိန်ရေးထိုးခဲ့တဲ့ ဒေးဗစ်ဘက်ဟမ်းရဲ့ စံ့ချိန်ကို ရိုက်ချိုးလာနိုင်ခဲ့ပါတယ်။
ပွဲအပြီးတွင် မိုက်ကယ်ကာရစ်က "ဘရူနိုက ဒါတွေ လုပ်ပြလာတာ ကြာပြီ။ ဂိုးသွင်းပြီးတော့ပဲ ဖြစ်ဖြစ် ဖန်တီးပြီးတော့ပဲ ဖြစ်ဖြစ် ကြီးမားတဲ့ အခိုက်အတန့်တွေမှာ ကွဲပြားအောင် လုပ်ပြလာခဲ့တယ်။ သူ့မှာ ကက်စ်မီရိုနဲ့ ကြီးမားတဲ့ ဆက်နွယ်မှု ရှိတယ်။ ဒီအပိုင်းက သင်ပေးလို့ မရဘူး"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် ဘရူနိုဖာနန်ဒက်စ်ဟာ နွေရာသီတွင် ယူနိုက်တက်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့မှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။
ဆက်လက်ပြီး ကာရစ်က "ဘရူနိုက ကျွန်တော်တို့ မဆုံးရှုံးလိုတဲ့ ကစားသမားပါ။ ဒါက ကျွန်တော့်အတွက် ပြောဖို့ခက်ခဲပါတယ်။ ဒါပေမယ့် သေချာတာက သူက ကျွန်တော်တို့အတွက် အရေးကြီးတဲ့သူပါ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ယူနိုက်တက်အတွက် ယခုရာသီ ၇ ဂိုးမြောက်ဂိုးအား သွင်းလာတဲ့ ကက်စ်မီရိုမှာလည်း ရာသီအကုန်တွင် ထွက်ခွာတော့မယ်လို့ ကြေညာထားပေမယ့်လည်း သူ့ကို နောက်ထပ် အနည်းဆုံး တစ်နှစ်ထိန်းထားရန် တောင်းဆိုမှုများ ရှိလာပါတယ်။
၆ ဂိုးအား ခေါင်းတိုက် သွင်းယူထားတဲ့ ကက်စ်မီရိုဟာ ဂိုးသွင်းယူပြီးချိန်တွင် အင်္ကျီမှ ယူနိုက်တက်လိုဂိုအား ညွှန်ပြကာ အောင်ပွဲခံခဲ့ပါတယ်။
ပွဲအပြီးတွင် ယူနိုက်တက်ပရိသတ်များက ကက်စ်မီရိုအား နောက်ထပ်တစ်နှစ် ထပ်မံ ထိန်းထားရေးအတွက် "one more year" သံပြိုင်အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။
ကက်စ်မီရိုဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နွေရာသီတွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာမယ်လို့ ကြေညာထားသူ ဖြစ်ပါတယ်။