မိုက်ကယ်ကာရစ်ကို ယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး ယူနိုက်တက်ဂန္ထဝင်အကြား အငြင်းအခုံ ဖြစ်နေ
======================
ဗီလာကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် ဝိန်းရွန်းနီက မိုက်ကယ်ကာရစ်အား ယူနိုက်တက်အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး ထောက်ခံ ပြောကြားလာပေမယ့် ရွိုင်ကိန်းကတော့ သင့်တော်တဲ့သူမဟုတ်ကြောင်း ပြောဆိုလာပါတယ်။
ယူနိုက်တက်ဟာ ကက်စ်မီရို၊ မားသီးယပ်စ်ကန်ညာ၊ ဘင်ဂျာမင်ဆက်စ်ကိုတို့ရဲ့ ဂိုးတွေဖြင့် ဗီလာကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရေး အခြေအနေအကောင်းလာကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် အခြေအနေကောင်းနေပါတယ်။
ယင်းနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ရာသီသိမ်းရန် ၈ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်လာပြီး စတုတ္ထနေရာမှ ဗီလာကို ၃ မှတ်၊ ပဥ္စမနေရာမှ လီဗာပူးကို ၅ မှတ်နှင့် အဆင့် ၆ နေရာမှ ချဲလ်ဆီးကို ၆ မှတ်ဖြတ်ထားလာနိုင်ပါတယ်။
ကာရစ်ဟာ ဇန်နဝါရီလတွင် ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ၉ ပွဲ ကိုင်တွယ်ရာတွင် ၇ ပွဲ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီးနောက် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံရရေး အခြေအနေကောင်းလာပါတယ်။
ယူနိုက်တက်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီက "သူ့ပဲ ၁၀၀ ရာခိုင်နှုန်းခန့်သင့်တယ်။ မိုက်ကယ်ကာရစ်အတွက် ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ သိထားပြီးသားပါ။ သူ့ကို ကောင်းကောင်းသိပါတယ်။ သူ့စရိုက်ကိုရော ပုဂ္ဂိုလ်ရေးပိုင်းရော သိထားပါတယ်။ သွေးအေးတဲ့ ခေါင်းတစ်ခေါင်းလိုတယ်။ ဒါပေမယ့် ဒီနေရာအကြောင်း သိတဲ့ လူလိုတယ်။ ကစားသမားတွေ အချစ်တချို့ လိုတယ်။ သူက ဒါကို သူတို့ကို ပေးနေတယ်။ ကစားသမားတွေ အရည်အသွေးကောင်းကောင်း၊ အသင်းလိုက် စုစုစည်းစည်း ကစားနေတာ မြင်ရတယ်။ သူတို့က အရမ်းတောင့်တင်းတဲ့အသင်းတစ်သင်းလိုပဲ။ ဘာကြောင့် ပြောင်းလဲပစ်ရမှာလဲ"လို့ BBC Radio 5 Live တွင် ပြောကြားသွားပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းကမူ "ယူနိုက်တက်ဘက်က ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတာ တွေးမိပါတယ်။ ဒါပေမယ့် ကျုပ်ဆိုရင် မခန့်ဘူး။ ပိုကောင်းတဲ့ ရွေးစရာတွေ ရှိတယ်။ သူ ပါဝင်တဲ့ ပွဲတွေ၊ ပွဲတွေ အနိုင်ရတဲ့အကြောင်းကို တွေးရင် သူ အကောင်းဆုံးလုပ်ပြထားနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းလုပ်ပြခဲ့တာ ထင်ရှားပေမယ့် ဒီပွဲတွေမှာ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး။ ဒီပွဲတွေအတွက် သူတို့ ပြင်ဆင်ချိန် သုံးပတ်ရခဲ့တယ်။ သူ့အတွက် အချိန်ကောင်းတွေ ရခဲ့တယ်။ အကောင်းဆုံးလည်း လုပ်ပြနိုင်ခဲ့တယ်။ သူ့ကို အလေးလည်း ပြုပါတယ်။ တကယ်လို့ နွေရာသီမှာ ဒီအလုပ်ကို သူ ရလာရင် ကံကောင်းပါစေလို့ပဲ ပြောချင်တယ်။ ဒါပေမယ့် လာမယ့် ယူနိုက်တက်နည်းပြရာထူးအတွက် အခြားကောင်းတဲ့ ရွေးစရာတွေ ရှိပါတယ်။ တကယ်လို့ လွန်ခဲ့တဲ့ သုံးလတုန်းက ကာရစ်ကို ယူနိုက်တက်နည်းပြခန့်အပ် ပြောလာရင် ခင်ဗျား တွေဝေသွားမိမှာပဲ။ အဲဒီတုန်းက လူတွေက သူ့ကို မထည့်တွက်ခဲ့ကြပါဘူး။ ဒါပေမယ့် ချိန်သားကိုက်လျက်သား သူ့မှာ အခွင့်အရေး ရလာတယ်။ အကောင်းဆုံးလည်း လုပ်ပြထားနိုင်တယ်။ အခြားရွေးစရာကောင်းတွေ ရှိနေတယ်။ ဒါပေမယ့် သူ့လည်း အကောင်းဆုံးလုပ်ပြထားနိုင်တယ်။ အခုအနေအထားရ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာနေပြီ။ ဒါပေမယ့် ဆုံးဖြတ်ချက်(ယူနိုက်တက်နည်းပြရာထူးအတွက်)တွေ ချရတော့မယ်။ သူတို့ လုပ်ရမယ်။ လူတွေကို အင်တာဗျူးတွေ လုပ်ရမယ်။ ပြီးတော့မှ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ရမယ်"လို့ Sky Sports တွင် ပြောကြားသွားပါတယ်။