မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ဖလားအိပ်မက် အဆုံးသတ်သွားပြီလို့ ရိုဒရီ ဝန်ခံလာ
==================
မန်စီးတီးရဲ့ နောက်ထပ် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး အိပ်မက်မှာ စနေနေ့တုန်းက ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျသွားမှုနှင့်အတူ အဆုံးသတ်သွားပြီလို့ ဆိုနိုင်တဲ့ အနေအထားသို့ ရောက်လာပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဝက်စ်ဟမ်းအနိုင်မယူနိုင်ခဲ့မှုနှင့်အတူ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၉ မှတ်အထိ ကွာဟလာခဲ့ပြီလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ အာဆင်နယ်ထက် တစ်ပွဲလျှော့ကစားထားပေမယ့်လည်း နောက်ဆုံး လိဂ်ပွဲ ၂ ပွဲတွင် ၂ မှတ်တည်းသာ ရရှိကာ ရလဒ်ကျဆင်းလာမှု၊ ရာသီသိမ်းရန် ၇ ပွဲတည်းသာ လိုတော့မှုနှင့်အတူ ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက် အဆုံးသတ်သွားပြီလို့ ဆိုနိုင်ပါတယ်။

ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက် အဆုံးသတ်သွားပြီလားလို့ မေးမြန်းလာချိန်တွင် ရိုဒရီက "ဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်။ မဖြစ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ လက်မလျှော့ဘဲ ဆက်ပြီး တိုက်ပွဲဝင်ကြပါမယ်။ အဆုံးသတ်မှာ အနိုင်ရဖို့ လိုတယ်ဆိုတဲ့ အတွေ့အကြုံကြောင့် ခက်ခဲလာမယ်ဆိုတာ သိထားပြီးသားပါ။ အရမ်းကွာဟသွားပါပြီ။ ဒါပေမယ့် အဆုံးအထိတော့ တိုက်ပွဲဝင်ပါမယ်။ အခုက နောင်တရရမယ့်အချိန်မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပထမအကျော့တွင်လည်း ဘာနေဗျူးကွင်းတွင် ရီးရဲလ်မက်ဒရစ်အား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ထားရာ နောက်တစ်ဆင့်တက်ရေး ခက်ခဲနေပါတယ်။ ၎င်းတို့ဟာ လာမယ့် အင်္ဂါနေ့မှာ အီတီဟတ်ကွင်းမှာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကစားရပါမယ်။

ဆက်လက်ပြီး ရိုဒရီက "ကျွန်တော်တို့မှာ နောက်ထပ် ပြိုင်ပွဲတစ်ခု ရှင်သန်နေတုန်းပါ။ အင်္ဂါနေ့မှာ တကယ့်ပွဲကြီးတစ်ပွဲ ကစားရပါမယ်။ အလှည့်အပြောင်း ဖြစ်နိုင်တယ်လို့ ယုံကြည်နေတုန်းပါ"လို့ ပြောကြားသွားပါတယ်။

image