နမ္မတီးမှာ အရွယ်စားကြီးမားတဲ့ မိုးသီးတွေကြွေကျမှုကြောင့် ရာနဲ့ချီတဲ့အိမ်အမိုးတွေနဲ့ စိုက်ခင်းတွေ ပျက်စီး

မတ် ၁၅ ၊ ၂၀၂၆

ကချင်ပြည်နယ် ၊ နမ္မတီးမြို့နဲ့ အနီးတဝိုက်ရှိ ကျေးရွာတွေမှာ မတ်လ ၁၄ ရက်နေ့ညပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းပြီး အရွယ်အစားကြီးမားတဲ့ ကြက်ဥအရွယ်ခန့် မိုးသီးတွေ ကြွေကျခဲ့တာကြောင့် နေအိမ်ရာနဲ့ချီပြီး အိမ်အမိုးသွပ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။

မိုးသီးထိမှန်မှုကြောင့် အိမ်အမိုးသွပ်တွေမှာ
အပေါက်တွေဖြစ်ပေါ်ခဲ့ပြီး တချို့အိမ်တွေမှာဆိုရင် ယာယီနေထိုင်လို့​တောင်မရတဲ့အထိ အိမ်အမိုးသွပ်အားလုံး အပေါက်တွေဖြစ်ကာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ည ၇ နာရီခွဲ ၈ နာရီလောက်မှာ ဖြစ်တာ ။ နမ္မတီးမြို့ပေါ်ရပ်ကွက်တွေ နဲ့ ကပ်လျက်ရွာတွေမှာ ဖြစ်တာပါ။ သူဌေးကုန်းရွာလည်းဖြစ်တယ်။နမ္မတီးမြို့ပေါ်ဆိုရင် ရပ်ကွက်လေးခုရှိတာ အကုန်လုံးနီးပါး ထိတယ်။ မြို့ပေါ်တင် မိုးသီးထိလို့ အိမ်မိုးသွပ်ပျက်စီးတာ ရာဂဏန်းလောက်ရှိမယ်။ကျွန်တော်တို့အိမ်လည်း သွပ်တွေပျက်စီးတယ်။ အခုသွပ်​တွေမဝယ်နိုင်သေးဘူး ။ မိုးသီးက မြောက်ဘက်ကနေ တခြမ်းစောင်း ကျသွားတာ ။အဲဒီတော့ အမိုးက မြောက်တခြမ်းလုံးကတော့ ပေါက်သွားတယ်။ မိုးသီးကတော်တော်ကြီးတယ် ။မိုးသီးက ပန်းပွင့်ပုံစံတွေ ၊ အလုံးတွေ ပါ ။ သွပ်အပါးအိမ်တွေ အကုန်ပျက်စီးတယ်။ လို့ နမ္မတီးမြို့ခံတယောက်က ပြောပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မိုးရွာပြီး မိုးသီးထိမှန်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှု အခြေအနေနဲ့ ပတ်သက်ပြီး ပျက်စီးတဲ့နေအိမ်တွေကို လိုက်လံ စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

သွပ်တွေ ထောက်ပံ့မှာလားတော့ သေချာမသိဘူး ။.စာရင်းတော့ လာကောက်သွားပြီ ။တချို့အိမ်တွေဆို ဇကာပေါက်တွေကို ဖြစ်သွားတာဆိုတော့ အသစ်ပြန်မိုးမှကိုရမှာ ။ လို့ နောက်ထပ် ဒေသခံကပြောပါတယ်။

နေအိမ်အမိုးပျက်စီးမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အိမ်အမိုးသွပ်ပြားတွေကို စျေးနူန်းချိုသာစွာနဲ့ ရောင်းချပေးတာအပြင် အကူအညီ ထောက်ပံ့မှုတွေ ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

အခုလို အချိန်အခါမဟုတ် မိုးရွာသွန်းပြီး အရွယ်အစားကြီးမားလွန်းတဲ့ မိုးသီးတွေ ကြွေကျမှုကြောင့် ဖရဲစိုက်ခင်းအပါအဝင် သီးနှံစိုက်ခင်းတချို့လည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပြီး ပျက်စီးမှုစာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

image