တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်၊ သဘာပတိအဖြစ် ဒေါက်တာနန္ဒကျော်စွာက တာဝန်ယူပြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်မည်
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ (၁၆) ရက်၊ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ စတင်ကျင်းပနေပြီဖြစ်သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် ဒေါက်တာနန္ဒကျော်စွာက တာဝန်ယူမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ကာ သဘာပတိက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို တာဝန်လွှဲအပ်ကာပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားသွားမည်ဖြစ်သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်မှာတော့ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် (၂၆၃) ယောက်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အယောက် (၁၁၀) စုစုပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၇၃) ယောက် ရှိမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၆၃)နေရာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၂၃၁) ယောက်နှင့် ကိုယ်စားလှယ်အရေအတွက် အများဆုံးရွေးကောက်တင်မြှောက်ခံထားရပြီး ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က (၇) ယောက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် မွန်ညီညွတ်ရေးပါတီက (၅) ယောက်စီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် နာဂအမျိုးသားပါတီက (၄) ယောက်စီ၊ ကရင်အမျိုးသားဒီမိုက ရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီတို့က တစ်ယောက်စီနှင့် တစ်သီးပုဂ္ဂလတစ်ယောက်တို့ ရွေးကောက်တင်မြှောက်ခံထားရခြင်း ဖြစ်သည်။