ဦးခင်ရီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ
ယနေ့ မတ်လ ၁၆ ရက်၊ မနက် ၁၀ နာရီတွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်း အဝေး ပထမနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်လိုက်ပြီဖြစ်သည်။
လွှတ်တော်သဘာပတိအဖြစ် ဒေါက်တာနန္ဒကျော်စွာက တာဝန်ယူပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ရွေးချယ်တင်မြှောက်ကြရာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခြင်း ဖြစ်သည်။
ထို့ပြင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်းလည်း သိရသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ပြည်သူရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် (၂၆၃) ယောက်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အယောက် (၁၁၀) စုစုပေါင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၃၇၃) ယောက် ရှိသည်။
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၂၆၃) ယောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက (၂၃၁) ယောက်ဖြင့် အများဆုံး အနိုင်ရထားခြင်းလည်း ဖြစ်သည်။