အဲဗာတန်တိုက်စစ်မှူးဘာရီက အမ်းမရိတ်ကွင်းအတွင်းတွင် သူ့သူငယ်ချင်းများ တိုက်ခိုက်ခံခဲ့ရကြောင်း ဗီဒီယိုဖိုင်တင်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးလာ
====================
ရဲတပ်ဖွဲ့ဝင်များဟာ အဲဗာတန်တိုက်စစ်မှူးတီယာနိုဘာရီက အမ်းမရိတ်ကွင်းတွင် အာဆင်နယ်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် သူ့သူငယ်ချင်းများ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောဆိုလာပြီးနောက် ယင်းအမှုအား စုံစမ်းစစ်ဆေးလာကြပါတယ်။
ယင်းပွဲတွင် ၆၉ မိနစ်မှာ လူစားဝင်ရောက်ကစားခဲ့တဲ့ ဘာရီက သူ့သူငယ်ချင်းများကို အာဆင်နယ်ကွင်းလုံခြုံရေးဝန်ထမ်းက အကာအကွယ်ပေးတဲ့ ဗီဒီယိုဖိုင်အား အင်စတာဂရမ်တွင် တင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အသက် ၂၃ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ ကွင်းအတွင်း ပရိသတ်များ တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ခဲ့ပါသေးတယ်။
ရဲတပ်ဖွဲ့က ယင်းတိုက်ခိုက်မှုတွင် မည်သူမျှ ပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း၊ ဖမ်းဆီးထိန်းသိမ်းမှုလည်း မရှိကြောင်းဆိုသွားပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဟာ ယင်းရန်ပွဲတွင် ပါဝင်တဲ့သူများအား ကလပ်နှစ်ခုလုံးနှင့် ပူးပေါင်း စစ်ဆေးနေကြောင်း ဆိုသွားပါတယ်။
ဘာရီက "ကွင်းထဲက ဒီလို အပြုအမူတွေက လက်ခံနိုင်စရာ မရှိပါဘူး။ ပွဲတစ်ပွဲ ပျော်အောင်လို့ သူငယ်ချင်းတွေကို ခေါ်သွားတယ်။ လူမိုက်တချို့ကြောင့် ပျက်သွားခဲ့တယ်။ ဘောလုံးက လူတိုင်းအတွက် လုံခြုံတဲ့ လေးစားမှုရှိတဲ့ နေရာဖြစ်သင့်တယ်။ ဒီလိုအပြုအမူမျိုးအတွက် ပွဲတွေမှာ နေရာ မရှိသင့်ဘူး။ ဘောလုံးကို ရပ်ဆိုးအကျည်းတန်မဖြစ်စေသင့်ဘူး။ ကျွန်တော့်သူငယ်ချင်းနဲ့ တိုက်ခိုက်ခံရတဲ့ လူတွေကို အာဆင်နယ်ကလပ်လုံခြုံရေးဝန်ထမ်းက အကာအကွယ်ပေးခဲ့ရတယ်။ ရဲတွေကလည်း လက်စားချေလာမှာ စိုးလို့ လိုက်ပါပို့ဆောင်ခဲ့ရတယ်"လို့ ရေးသားသွားပါတယ်။