ဩစတြေးလျတွင် နိုင်ငံရေးခိုလှုံခွင့်ယူပြီးမှ စိတ်ပြောင်းကာ အီရန်သို့ ပြန်သွားကြတဲ့ နောက်ထပ် ကစားသမား ၃ ဦးအထိတိုးလာ
===================
အီရန်အသင်းသား ၃ ဦးတို့ဟာ ဩစတြေးလျတွင် နိုင်ငံရေးခိုလှုံခွင့် ရယူပြီးမှ စိတ်ပြောင်းကာ အီရန်သို့ ပြန်သွားကြရန် ဆုံးဖြတ်လာခဲ့ကြပါတယ်။
ဩစတြေးလျပြည်ထဲရေးဝန်ကြီးတိုနီဘာကီက ကစားသမားများမှာ ဩစတြေးလျတွင် ဆက်လက် နေထိုင်လိုခြင်း မရှိဘဲ အိမ်ပြန်လိုနေကြကြောင်း ဖွင့်ဟလာခဲ့တာလည်း ဖြစ်ပါတယ်။
ဘာကီက "တညတည်းမှာပဲ အီရန်အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းသား ၃ ဦးတို့ဟာ အီရန်သို့ ပြန်မယ့်အသင်းနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ဩစတြေးလျတာဝန်ရှိသူတွေကို ပြောဆိုပြီးတဲ့နောက် ကစားသမားတွေဟာ သူတို့အမြင်ကို ပြောဖို့ အခွင့်အရေး အကြိမ်ကြိမ် ရခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဇာရာဆိုလ်တန်မက်ရှ်ခီခါ၊ မိုနာဟာမူဒီ၊ ဇာရာဆာဘာလီတို့ဟာ အီရန်သို့ ပြန်ချိန်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်း (သို့မဟုတ်) ညှင်းပန်းနှိပ်စက်ခြင်း (သို့မဟုတ်) သေဒဏ်ပေးခြင်းခံရနိုင်ခြေ ရှိမှုကြောင့် ဩစတြေးလျတွင် လူသားချင်းစာနာထောက်ထားမှုဗီဇာ ရရှိခဲ့ကြပါတယ်။
၎င်းတို့ဟာ သစ္စာဖောက်များအတွက် လူသိရှင်ကြား ကြေညာခြင်း ခံရပြီးနောက် အီရန်သို့ ပြန်ရန် ကြောက်လန့်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။
ကစားသမားတစ်ဦးကို မိခင်ဖြစ်သူက "အိမ်သို့ ပြန်မလာကြနဲ့။ မင်းတို့ကို သတ်လိမ့်မယ်"လို့ အသံမက်ဆေ့ချ်ပို့ခြင်းခံခဲ့ရပါတယ်။
အခြားကစားသမားတစ်ဦးကိုလည်း မိသားစုဝင်တစ်ဦးက "အဲဒီမှာပဲ နေကြ"လို့ မက်ဆေ့ချ်ပို့ခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်ကလည်း အီရန်အသင်းသားများအား အိမ်ပြန်လျှင် အသတ်ခံရနိုင်တယ်လို့ အပြင်းအထန် သတိပေးခဲ့ပါတယ်။
တဖက်တွင် အီရန်အားကစားဝန်ကြီးကမူ အိမ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြတဲ့ အီရန်အသင်းသားများရဲ့ ဆုံးဖြတ်ချက်အား ကြိုဆိုကြောင်း ဆိုထားပါတယ်။
အီရန်အသင်းသားတို့ဟာ ဩစတြေးလျတွင် ကျင်းပနေတဲ့ အာရှဖလားပြိုင်ပွဲတွင် တောင်ကိုရီးယားနှင့်အဖွင့်ပွဲစဉ်မှာ နိုင်ငံတော်သီချင်း မသီဆိုဘဲ ဆန္ဒပြသပိတ်မှောက်ပြီးနောက် နိုင်ငံတော် သစ္စာဖောက်အဖြစ် သတ်မှတ်ခြင်းခံရကာ အိမ်ပြန်ရေး စိုးရိမ်နေခဲ့ကြရတာ ဖြစ်ပါတယ်။
ယင်းနောက် အီရန်အသင်းသား ၇ ဦးတို့ဟာ ဩစတြေးလျနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် ရယူကာ ကျန်ရစ်ရဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါပေမယ့် ယင်းမှ ၃ ဦးကတော့ စိတ်ပြောင်းကာ အိမ်ပြန်လာကြတော့မှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ ရောက်နေတဲ့ ကျန် အီရန်အသင်းသားတို့နှင့် ပူးပေါင်းလာကြတော့မှာလည်း ဖြစ်ပါတယ်။ ယင်း ၃ ဦးမတိုင်ခင် ကစားသမား ၁ ဦးလည်း အီရန်သို့ ပြန်ရန် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။
ယခုအခါ ဩစတြေးလျတွင် ကျန်ရစ်တဲ့ အီရန်အသင်းသား ၃ ဦးတည်းသာ ရှိတော့မှာ ဖြစ်ပါတယ်။