နာပိုလီနှင့် စီးရီးအေပွဲစဉ်တွင် လက်ချီတိုက်စစ်မှူးဘန်ဒါ ကွင်းအတွင်း မေ့လဲကျမှု ဖြစ်ပွား
====================
လက်ချီတိုက်စစ်မှူးလာမစ်ခ်ဘန်ဒါဟာ နာပိုလီနှင့် စီးရီးအေပွဲစဉ်တွင် ကွင်းအတွင်း မေ့လဲကျမှု ဖြစ်ခဲ့ပါတယ်။
ယင်းပွဲစဉ်တွင် ဧည့်သည် လက်ချီဟာ ပွဲအစ ၃ မိနစ်တွင်ပင် ဂျမ်မီဆီဘတ်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးနောက် အိမ်ရှင်တို့ ချေပဂိုးနှင့် အနိုင်ဂိုး ရရှိရေး ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမယ့် အန္တရာယ်ရှိတဲ့ ဇုံတွင် ဖရီးကစ်ကန်ရန် အခွင့်အရေး ရရှိလာချိန်တွင် ဘန်ဒါ ကွင်းအတွင်း မေ့လဲကျမှုနှင့်အတူ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး ဆေးဘက်ဆိုင်ရာအကူများ ကွင်းအတွင်း အလျှင်အမြန် ဝင်ရောက်ခဲ့ရပါတယ်။
ဆေးအဖွဲ့ဟာ ကွင်းအတွင်း ဝင်ရောက်လာပြီးနောက် အသက် ၂၅ နှစ်ရှိ တောင်ပံကစားသမားကို ဂေါက်ကွင်းကားဖြင့် ကွင်းပြင်သို့ ခေါ်ဆောင်သွားခဲ့ကြပါတယ်။
ပြီးလျှင် ဇမ်ဘီယာလက်ရွေးစင်ကစားသမားကို လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒါပေမယ့် ဇမ်ဘီယာလက်ရွေးစင်မှာ ပြန်လည်သတိရလာပြီ ဖြစ်ကြောင်း ကွင်းအတွင်း ကြေညာလာချိန်တွင် တစ်ကွင်းလုံး လက်ခုပ်တီးအားပေးခဲ့တာ တွေ့ရပါတယ်။
ဒါပေမယ့် သူဟာ နောက်ထပ် ဆေးစစ်ဆေးမှုများ ခံယူရပါဦးမယ်။
အဆိုပါပွဲစဉ်တွင် အန်တိုနီယိုကွန်တီဦးဆောင်တဲ့ နာပိုလီက ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
နာပိုလီဟာ ပွဲအစဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရပေမယ့်လည်း ၄၆ မိနစ်တွင် ဟွိုင်းလန်းရဲ့ ဂိုးဖြင့် ချေပဂိုး ရရှိခဲ့ကာ ၆၇ မိနစ်တွင် ပိုလီတာနိုရဲ့ ဂိုးဖြင့် အနိုင်ဂိုး ရရှိခဲ့ပါတယ်။