ယူနိုက်တက်ရဲ့ ၂ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေး စီမံကိန်းကို မိုက်ကယ်ကာရစ် ထောက်ခံ ပြောကြားလာ
====================
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ရဲ့ ၂ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး စီမံကိန်းကို ထောက်ခံပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာတွင် ရပ်တည်ကာ ၅၁ နှစ်အတွင်း အဆိုးရွားဆုံးလိဂ်ရပ်တည်မှု ကြုံခဲ့ရပေမယ့်လည်း ၂၀၂၈ ခုနှစ်တွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး ပစ်မှတ်ထားနေပါတယ်။
ဆာဒေ့ဗ်ဘရဲလ်ဖို့ဒ်ဟာ ကလပ်ရဲ့ နှစ် ၁၅၀ ပြည့်မယ့် ၂၀၂၈ ခုနှစ်တွင် ၂၁ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေးအဖြစ် Mission 21 ကို ရေးဆွဲလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရာသီသိမ်းရန် ၉ ပွဲတည်းသာ ကျန်တော့တဲ့အချိန်တွင် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အခြေအနေကောင်းနေပါတယ်။
ယူနိုက်တက်ဟာ ယာယီနည်းပြကာရစ်လက်ထက်တွင် ၂၄ မှတ်ဖိုး ကစားခဲ့ရာမှာ ၁၉ မှတ်အထိ ရယူထားနိုင်ပါတယ်။
ကစားသမားဘဝတုန်းက ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် ဆွတ်ခူးခဲ့တဲ့ ကာရစ်က "ကျွန်တော်တို့ ဆက်လက်ပြီး ပိုတိုးတက်ချင်ပါတယ်။ အမှတ်ပေးဇယားထိပ်ပိုင်းသို့ ပိုတက်လှမ်းချင်တယ်။ အခု ကျွန်တော်တို့ ရောက်နေတဲ့ နေရာ ကျွန်တော်တို့ တခုခုအတွက် ကစားလာရတာ ဖြစ်လို့ စိတ်လှုပ်ရှားစရာ ကာလ ဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းနည်းပိုမြင့်ပြီးတော့ လိဂ်အတွက် တကယ် စိန်ခေါ်နိုင်ဖို့ ကစားလိုတယ်။ ဖြစ်လာမယ်လို့ ပြောနေရုံနဲ့ ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ဒီအောင်မြင်မှု ရယူနိုင်ဖို့အတွက် ကစားသမားတွေ ရေကုန်ရေခန်း ကြိုးစားရမယ်၊ အများကြီး လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ကာရစ်က "ပရီးမီးယားလိဂ်ဖလား ရဖို့ ဆိုတာ ခက်ခဲတယ်ဆိုတာ သိထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ ရောက်ချင်တဲ့ နေရာဖြစ်လို့ ဒီအတွက် ဦးတည်လုပ်ရပါမယ်။ ကျွန်တော်တို့ အတိတ်တုန်းက ဒါတွေ ရှိခဲ့တယ်။ ထပ်ပြီးတော့ ရှိလာစေချင်တယ်။ ဒါပေမယ့် ရိုးရှင်းတဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကို ကျွန်တော်တို့အားလုံး နားလည်ထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ဒါကို လုပ်ဖို့ ဆာလှောင်မှု ရှိနေပါတယ်"လို့ ပြောကြားသွားပါတယ်။
ယခုရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၅ သင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရန် သေချာသလောက် ရှိနေပါတယ်။
ယူနိုက်တက်ဟာ ယနေ့ညတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲအဖြစ် အက်စတွန်ဗီလာနှင့် ရင်ဆိုင်ရပါမယ်။