ဘုန်းမောက်အနာဂတ်အား အမြန်ဆုံး ဆုံးဖြတ်လာမယ့် နည်းပြအိုင်ရာအိုလာ
====================
ဘုန်းမောက်နည်းပြအန်ဒိုနီအိုင်ရာအိုလာက အနာဂတ်အား အနှေးနှင့်အမြန်ဆိုသလို သိလိုနေကြောင်း၊ သို့ရာတွင် အနာဂတ်အား ဆုံးဖြတ်ရန် အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၄၃ နှစ်ရှိ စပိန်နိုင်ငံသားနည်းပြဟာ လက်ရှိရာသီအကုန်တွင် ဘုန်းမောက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။
အိုင်ရာအိုလာဟာ ၂၀၂၃ ခုနှစ် ဇွန်လတွင် ဂယ်ရီအိုနေးလ်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် ကလပ်အား ကိုင်တွယ်တဲ့ နှစ်ရာသီတွင် စံချိန်တင် ရမှတ် ရယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။
အိုင်ရာအိုလာက "သေချာတာပေါ့(ဆုံးဖြတ်ချက်ချဖို့ နီးလာပြီ)။ အနှေးနဲ့အမြန်ဆိုသလို ဆုံးဖြတ်ချက်ချလာပါတော့မယ်။ ဒါပေမယ့် အခုတော့ ပြောစရာ သတင်းမရှိပါဘူး။ ပြောမယ့် အချိန်ရောက်တဲ့အခါ ပြောသွားပါမယ်"လို့ ပြောကြားသွားပါတယ်။
အိုင်ရာအိုလာဟာ ပထမရာသီတွင် အောင်မြင်မှု ရရှိပြီးနောက် ဘုန်းမောက်နှင့် ၂၀၂၅-၂၆ ရာသီအကုန်တွင် ကုန်ဆုံးမယ့် တစ်နှစ်စာချုပ်သစ်အား ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ လာမယ့် နွေရာသီတွင် ပဲလေ့စ်၊ စပါးစ်၊ ယူနိုက်တက်နည်းပြရာထူးအတွက် ရေပန်းစားနေသူများတွင် ပါဝင်နေသူလည်း ဖြစ်ပါတယ်။
အိုင်ရာအိုလာရဲ့ ဘုန်းမောက်အား ကိုင်တွယ်တဲ့ ပထမဆုံးရာသီတွင် ရာသီအစ အထနှေးခဲ့ပေမယ့်လည်း လက်ရှိအချိန်တွင် အဆင့် ၁၂ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်နိုင်ခဲ့ကာ စံချိန်တင် ရမှတ် ၄၈ မှတ် ရယူနိုင်ခဲ့ပါတယ်။
ယင်းနောက် သူဟာ ဒုတိယရာသီတွင် ဘုန်းမောက်အား စံချိန်တင်ရမှတ် ၅၆ မှတ်ဖြင့် အဆင့် ၉ တွင်လည်း ရပ်တည်အောင် ဦးဆောင်ခဲ့ပါတယ်။
ယခုရာသီတွင်လည်း ဘုန်းမောက်ဟာ ရာသီသိမ်းရန် ၉ ပွဲ လိုနေသေးချိန်တွင် ရမှတ် ၄၀ ရယူထားနိုင်ပါတယ်။
ဘုန်းမောက်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့များတွင် ဒိန်းဟူဆင်၊ ဆီမန်ယိုအပါအဝင် နောက်တန်း ကစားသမား ၄ ဦးအား ပေါင်သန်း ၂၅၀ ကျော်ဖြင့် ရောင်းချခဲ့ရပေမယ့်လည်း ရလဒ်ကောင်း ရယူထားနိုင်တာလည်း ဖြစ်ပါတယ်။