၂ ပွဲတည်းသာ ကိုင်တွယ်ပြီးနောက် ဆွီဒင်နှင့် ၄ နှစ်စာချုပ်သက်တမ်းတိုး ချုပ်ဆိုလာတဲ့ ဂရေဟမ်ပေါ်တာ
====================
ဂရေဟမ်ပေါ်တာဟာ ဆွီဒင်အား ကိုင်တွယ်စဉ်အတွင်း နိုင်ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးပေမယ့်လည်း ဆွီဒင်အသင်းကို ၂၀၃၀ ခုနှစ်အထိ ကိုင်တွယ်မယ့် စာချုပ်အား သက်တမ်းတိုးချုပ်ဆိုလာပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းဟာ ဝက်စ်ဟမ်းရဲ့ ထုတ်ပယ်ခြင်းခံရပြီးနောက် အောက်တိုဘာလတုန်းက ဆွီဒင်နည်းပြအဖြစ် ကာလတိုစာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဂရေဟမ်ပေါ်တာဟာ ဆွီဒင်ကို ၂ ပွဲတည်းသာ ကိုင်တွယ်ရသေးပြီး ဆွစ်ဇာလန်ကို ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့သလို ဆလိုဗေးနီးယားနှင့် ၁ ဂိုးစီသရေကျခဲ့ပါတယ်။

ယခု ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ဟာ ယူကရိန်းနှင့် ကစားမယ့် ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲမတိုင်မီ သုံးပတ်သာ လိုတော့တဲ့အချိန်တွင် ဂရေဟမ်ပေါ်တာကို နှစ်ရှည်စာချုပ်ချုပ်ဆိုလာပါတယ်။

ဂရေဟမ်ပေါ်တာရဲ့ ဆွီဒင်ဟာ ကမ္ဘာ့ဖလားပလေးအော့ဖ်အဖြစ် ယူကရိန်းနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး အနိုင်ရရှိပါက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး နောက်ဆုံးပွဲအဖြစ် ပိုလန် (သို့မဟုတ်) အယ်ဘေးနီးယားနှင့် ရင်ဆိုင်ကစားရပါမယ်။

ဆွီဒင်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်တွင် အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်ခဲ့ပေမယ့်လည်း နေးရှင်းလိဂ်ရလဒ်ကြောင့် ပလေးအော့ဖ်နေရာတစ်နေရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပေါ်တာာဟ ယခုရာသီအစတုန်းက ရလဒ်ဆိုးရွားမှုကြောင့် စက်တင်ဘာလနှောင်းပိုင်းတွင် ဝက်စ်ဟမ်းမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ၂၀၂၅-၂၆ ရာသီတွင် ဝက်စ်ဟမ်းအား ၆ ပွဲကိုင်တွယ်ရာတွင် ၅ ပွဲ ရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာ ဝက်စ်ဟမ်းသို့ ဇန်နဝါရီလတွင် ရောက်လာပြီးနောက် ၂၃ ပွဲ ကိုင်တွယ်ခဲ့ရာတွင် ၆ ပွဲတည်းသာ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပေါ်တာဟာ ဆွီဒင်ကလပ် Ostersund ကို လေးရာသီကြာ ကိုင်တွယ်စဉ်အတွင်း လိဂ် ၃ ခု တန်းတက်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့အပြင် ရှုံးထွက်ဖလားလည်း ရယူပေးခဲ့ဖူးပါတယ်။

သူဟာ ဘရိုက်တန်၊ ဆွမ်စီးတို့တွင် အောင်မြင်မှုများ ရခဲ့ပေမယ့်လည်း ချဲလ်ဆီး၊ ဝက်စ်ဟမ်းတို့မှာတော့ အောင်မြင်မှုများ မရယူနိုင်ခဲ့ပါဘူး။

image