ဝက်စ်ဟမ်းနှင့်ပွဲတွင် အမှတ်ဆုံးရှုံးပါက ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက် မရှိတော့ကြောင်း ဂွါဒီယိုလာဖွင့်ဟလာ
======================
ပက်ဂွါဒီယိုလာက ယနေ့ည ဝက်စ်ဟမ်းနှင့်ပွဲစဉ်တွင် အမှတ်ဆုံးရှုံးရပါက မန်စီးတီးမှာ ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက် မရှိတော့ကြောင်း ဝန်ခံ ပြောကြားလာပါတယ်။

မန်စီးတီးဟာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၇ မှတ်ကွာဟက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ အာဆင်နယ်ထက် တစ်ပွဲလျှော့ကစားထားပြီး ဧပြီလ ၁၉ ရက်နေ့တွင် အီတီဟတ်ကွင်းမှာ အာဆင်နယ်အား ဧည့်ခံကစားရန် ကျန်ပါသေးတယ်။

ဒါပေမယ့် ဂွါဒီယိုလာက "အခု ဝက်စ်ဟမ်းပွဲပါ။ ပရီးမီးယားလိဂ်က ယှဉ်ပြိုင်ရအခက်ခဲဆုံးအမှတ်ပေးဖလားပါ။ ကျွန်တော်တို့ ယှဉ်ပြိုင်နေတုန်းပါ။ ဒါပေမယ့် အမှတ်ဆုံးရှုံးရရင်တော့ ပြီးပြီဆိုတာလည်း သိထားပါတယ်"လို့ ပြောကြားသွားပါတယ်။

ဝက်စ်ဟမ်းမှာလည်း အမှတ်ပေးဇယားအဆင့် ၁၇ နေရာတွင် ရပ်တည်ကာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေပါတယ်။

ဝက်စ်ဟမ်းဟာ နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်ပိုင်းတိုးတက်လာပြီးနောက် နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက "နောက်ဆုံး ၁၀ ပွဲ ရောက်လာတဲ့အခါ တွေ့ဆုံရတဲ့အသင်းတိုင်းက တန်းမဆင်းရရေး၊ ယူရိုပါလိဂ်၊ ကွန်ဖရင့်လိဂ်၊ ချန်ပီယံလိဂ်၊ ချန်ပီယံဖြစ်ဖို့ စသဖြင့် တစ်ခုခုအတွက် တိုက်ပွဲဝင်နေကြတဲ့အသင်းတွေ ဖြစ်ပါတယ်။ ပုံမှန်ပါပဲ။ ပွဲတိုင်းက ဒီလိုပါ။ အခု ဒုတိယအခွင့်အရေးဆိုတာ မရှိတော့ပါဘူး"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် မန်စီးတီးဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့တွင် ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်အား ၃-၀ ဖြင့် အရေးနိမ့်ထားပါတယ်။ မန်စီးတီးဟာ လာမယ့် အင်္ဂါနေ့တွင် အီတီဟတ်ကွင်းမှာ ဒုတိယအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်အား ဧည့်ခံကစားရပါမယ်။

image