ငိုမလား တိုက်ပွဲဝင်မလားလို့ စပါးစ်ကစားသမားများကို ယာယီနည်းပြအိုင်ဂေါ်ကျူဒေါ် ရွေးချယ်ခိုင်းလာ
====================
စပါးစ်ယာယီနည်းပြအိုင်ဂေါ်ကျူဒေါ်က စပါးစ်ကစားသမားများအနေဖြင့် ငိုမလား တိုက်ပွဲဝင်မလားလို့ ရွေးချယ်ခိုင်းလာပါတယ်။

အသက် ၄၇ နှစ်ရှိ ခရိုအေးရှားလူမျိုးနည်းပြကိုင်တွယ်နေတဲ့ စပါးစ်ဟာ နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။

စပါးစ်ဟာ တန်းဆင်းဇုန်နှင့် ရမှတ် ၁ မှတ်အကွာတွင် ရပ်တည်နေတာ ဖြစ်ပြီး တနင်္ဂနွေနေ့တွင် လက်ရှိ ချန်ပီယံ လီဗာပူးအား အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။

စပါးစ်ဟာ ရလဒ်ဆိုးရွားနေချိန်တွင် လက်ရှိ ချန်ပီယံအား ရင်ဆိုင်ရမှုနှင့်အတူ ၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းရနိုင်တဲ့ အခြေအနေနှင့် ကြုံနေရပါတယ်။

ကျူဒေါ်က "လွယ်ကူတဲ့ အခြေအနေမဟုတ်ပါဘူး။ လွယ်ကူတဲ့ အခိုက်အတန့်မဟုတ်ပါဘူး။ အပြောင်းအလဲတွေ ဖြစ်လာဖို့ ကြီးမားတဲ့ စိန်ခေါ်မှု ကြုံနေရတယ်။ ဘဝမှာ ကြုံရတဲ့အရာတွေလိုပဲ ဒီအခြေအနေမှာ ရွေးချယ်စရာ ရှိလာတယ်။ ငိုနေမလား၊ တိုက်ပွဲဝင်မလား။ ရှုံးနိမ့်သူ ဖြစ်လာနိုင်သလို အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်နိုင်သူလည်း ဖြစ်လာနိုင်တယ်။ ဒါက ကစားသမားတွေကို ကျွန်တော် ပြောထားတဲ့ မက်ဆေ့ချ်ပါ။ ရေဗူးက တစ်ဝက်မရှိ သိုမ့ဟုတ် တစ်ဝက်အပြည့်ရှိနေတယ်။ အပြည့်မဟုတ်ပါဘူး။ မရှိတာတွေလည်း ရှိနေတယ်။ ဒါပေမယ့် ခက်ခဲတဲ့ အခိုက်အတန့်ဆိုတာ အမြဲတမ်း ဖြစ်နေတာ မဟုတ်ပါဘူး။ ကျော်လွန်လာမှာပါ။ ကစားသမားတွေလည်း သတ္တိရှိရှိ အခွင့်အရေးကို အပိုင်အနိုင်ရယူပြီး အလှည့်အပြောင်းဖြစ်အောင် လုပ်လာမယ်လို့ ယုံကြည်တယ်။ သူတို့ဟာ ဒါတွေ ကျော်လွန်လာချိန်မှာ ပိုကောင်းတဲ့လူ ပိုကောင်းတဲ့ ကစားသမားတွေ ဖြစ်လာမှာပါ"လို့ ပြောကြားသွားပါတယ်။

စပါးစ်ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ ကြုံထားပြီး ပရီးမီးယားလိဂ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ နောက်ပိုင်း နိုင်ပွဲ မရထားသေးပါဘူး။

image