2 ပတ် - ဘာသာပြန်ပါ။

လောင်စာဆီ​ဈေးတက်ပြီး​နောက် တက္ကစီ အုံနာခလိုက်တက်လာ

လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲပေါ် မူတည်ပြီး တက္ကစီကားပိုင်ရှင်တွေအနေနဲ့ အုံနာခကို ဈေးဆွဲတင်လာတဲ့အတွက် ရန်ကုန်မြို့အတွင်း အငှားယာဥ် စီးနင်းခဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေတယ်လို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။

“တက္ကစီ ယာဉ်မောင်းတွေကလည်း အုံနာကြေးနဲ့ကိုက်အောင် ကားဆွဲရတယ်၊ ကားပိုင်ရှင်တွေကလည်း သူတို့ လိုအင်ဆန္ဒနဲ့ အုံနာကြေး ဆွဲတင်တယ်။ တက္ကစီဈေးတွေ ဆွဲတင်တယ်ဆိုတာက တက္ကစီ သုံးစွဲသူတွေအတွက် တော်‌တော်နစ်နာသလို နောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်းတွေပါ တက်လာနိုင်တယ်။ စုံ/မ မရှိလို့ ကားငှားသုံးမယ့်သူတွေလည်း အများကြီး နစ်နာရတယ်” လို့ သူက ပြောပါတယ်။

ဒါက စုံ/မ ကိစ္စရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်ကာ စက်သုံးဆီနဲ့ ပတ်သက်လို့ ဖြေလျော့ပေးမှုတွေ ပြုလုပ်မပေးနိုင်သေးခင် ကာလအတွင်း အခုလို ပြဿနာတွေကို နိုင်ငံတော်အနေနဲ့ သိရှိပြီး ရေရှည်အတွက် ထိန်းကျောင်း ဆောင်ရွက်ပေးစေလိုတယ်လို့ သူက ပြောပါတယ်။

“လမ်းပေါ်မှာ အရင်က တက္ကစီ အစီး ၁၀၀ တွေ့ရင် အခု အစီး ၂၀၀ လောက် ဖြစ်သွားမယ်။ ရပ်ထားတဲ့ ကားတွေပါ လမ်းပေါ်ရောက်လာတယ်။ တက္ကစီတွေ တလမ်းလုံးအပြည့် သူတို့အကျိုးစီးပွားအတွက် ကိုယ်ကျိုးရှာတာကို မပြောလိုပေမယ့် တက္ကစီငှားသုံးရတဲ့သူ အများစုအတွက်က တော်တော်လေးကို အဆင်မပြေ ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဆီကား၊ CNG ဂက်စ်ကား၊ EV ကားတွေကို အမျိုးအစားအလိုက် စပေါ်ငွေ ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၄၀ ဝန်းကျင် ရှိနေပြီး အုံနာကြေးကတော့ ဆီကားဖြစ်ပါက တရက်ကို ကျပ် နှစ်သောင်းဝန်းကျင်ကနေ ကျပ် သုံးသောင်း၊ ဂက်စ်ကား ကျပ် လေးသောင်းကျော် ဝန်းကျင်ကနေ ကျပ် ခုနစ်သောင်းကျော်၊ EV ကားဖြစ်ရင်တော့ ကျပ် ခုနစ်သောင်းဝန်းကျင်ကနေ ကျပ် တသိန်းအထိ ရှိနေတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကားပိုင်ရှင်တယောက်က “လက်ရှိ ခေတ်ကာလ အနေအထားအရ ကားပြင်စရိတ်၊ ဆီဖိုး၊ ကားမောင်းခတွေ နုတ်လိုက်ရင် ပိုင်ရှင်တွေအတွက်က အမြတ်က မကျန်သလောက်ပါဘဲ။ ဒီခေတ် ပြင်ဆင်စရိတ်ကလည်း တလ ငါးသိန်းလောက် ကုန်နေတာဆိုတော့ လက်ရှိ အနေအထားအရ ကားတစီး အငှားချရတဲ့ဈေးက ဖြစ်သင့်တဲ့ဈေးကိုပဲ ယူထားတာပါ။ ကားဆိုတာကလည်း သုံးနေသရွေ့ ပြင်ဆင်စရိတ်က အမြဲတမ်း နောက်ကလိုက်နေရတာ။ လိုင်စင်လည်း ကိုယ်ပဲဝင်ရတာ။ ဒီကြားထဲ ကားပေးမောင်းထားသူက ‌ဗွေဖောက်သွားရင် ကိုယ်ပဲခံရမှာ။ ယာဉ်တိုက်မှုဖြစ်ပြီး ကားထားပြေးသွားတာလည်း ကြုံဖူးပြီးပြီ” လို့ ပြောပါတယ်။

အုံနာခတွေ ဈေးနှုန်း မြင့်တက်လာတာကြောင့် တက္ကစီ စီးနင်းခတွေဟာ လက်ရှိမှာ ဈေးနှစ်ဆလောက် မြင့်တက်လာနေပြီး ကျသင့်ငွေကို ကီလိုအလိုက် ကောက်ခံတဲ့ တက္ကစီ ဝန်ဆောင်မှုတွေဟာလည်း တခြားသော အငှားယာဥ် စီးနင်းခတွေနည်းတူ ဈေးနှုန်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။

“ဈေးတွေက အဆမတန် တက်သွားတာ။ ဟိုနားဒီနားတောင် ၇၀၀၀ ဈေး ဖြစ်နေပြီ။ Grab ဈေးတောင်မှ မြောက်ဥက္ကလာကနေ သမိုင်းကို နှစ်သောင်း၊ မြို့ထဲကို နှစ်သောင်းခုနစ်ထောင် ပေးနေရတယ်။ စုံ/မ ကိစ္စက ဘယ်အချိန်လောက်ထိ ကြာမယ်မသိဘူး။ ကားငှားစီးတဲ့သူတွေကတော့ ကြာရင်မလွယ်ဘူး။ ကားခ ဈေးညှိပြန်ရင်လည်း ကားသမားတွေက အုံနာကြေး တွက်ပြ၊ ဆီဝယ်ရခက်တာ၊ EV ကားဆို အားသွင်းချိန်ကြာတာ အဲဒါတွေပဲ အကြောင်းပြနေကြတယ်” လို့ ပြည်သူတယောက်က ပြောပါတယ်။

ယာဉ်မောင်းတွေကတော့ ကားတစီး အငှားယူမောင်းရဖို့အတွက် စပေါ်၊ အုံနာကြေးအပြင် အိမ်ပိုင် ရှိ၊ မရှိ တရားဝင်စာချုပ် ပြရသလို ပြင်ဆင်စရိတ် တဝက်နဲ့ အကျိုးဆောင်ခကိုပါ ပေးထားရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အုံနာကြေးက လက်တဆုံး နှိုက်ခံထားရတာပါ။ ဒီခေတ်ကြီးမှာ ကားတစီး ရဖို့ဆိုတာလည်း တကယ်မလွယ်ပါဘူး။ တချို့ အုံနာတွေဆို အာမခံကြေးပါ တောင်းတာတွေ ရှိတယ်။ ကားက ကီလို ၁၅၀/၂၀၀ မောင်းမယ်ဆို ဆီ ငါးသောင်းဖိုးလောက် ထည့်ရတာ။ ခုချိန် တနေ့ တသိန်းရဖို့ အနည်းဆုံး ကီလို ၁၅၀/ ၂၀၀ ကြာတတ်ပါတယ်။ ဒါတောင် လူပါးရင် မသေချာဘူး။ လူပါးနေရင်တော့ အုံနာကြေးရအောင်ပဲ အရင်ရှာရတာ။ ဘယ်လိုမှ တွက်ခြေမကိုက်ပါဘူး” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။

စုံ မ ဂယက်ဟာ တက္ကစီအုံနာ​​တွေရဲ့အကွက်ဖြစ်​နေလို့ ကားငှားသုံးရသူ​တွေကလည်း ဒီစရိတ်ကာမိ​အောင် တဆင့်ပြန်တက်ကြမှာမို့ အ​ခြေခံလူတန်းစား​​တွေက ကုန်​ဈေးနှုန်းထပ်တက်မှာကို စိုးရိမ်​နေကြပါတယ်။

image