နှစ်နိုင်ငံပိုမိုပူးပေါင်းမည်ဟု ကမ္ဘောဒီးယားနှင့် စင်ကာပူကတိပြု
ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံတို့သည် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုမှသည် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများအထိ နယ်ပယ်အစုံအလင်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့ က သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်း၏ မတ်လ ၁၀ ရက် နေ့မှ ၁၁ ရက် နေ့ အထိ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံတော်ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ကတိပြုခဲ့ကြခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နှစ်နိုင်ငံစလုံးဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့အတွက် ကျယ်ပြန့်တဲ့ အလားအလာတွေ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုခဲ့ကြပြီး အထူးသဖြင့် စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး စတဲ့ နယ်ပယ်တွေမှာ ဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် ဝန်ကြီးနှစ်ဦးသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံသာယာဝပြောရေးကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံစီးပွားရေး၏ အပြန်အလှန်ဖြည့်ဘက်ဖြစ်မှုကို အသုံးချရန် အရေးကြီး ကြောင်းကိုအလေးပေး ပြောကြားခဲ့ကြသည်။
ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်ရန်အတွက် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည့် ၎င်းတို့၏ ဘုံကတိကဝတ်ကိုလည်း ဝန်ကြီးနှစ်ဦးစလုံးက ထပ်လောင်း အတည်ပြုခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။