အစ္စရေး၏ဒရုန်းများကို တို-က်ဖျ-က်ရန် အီရန်က တရုတ်ဂြိုဟ်တုများကိုသုံး

အီရန်နိုင်ငံသည် ဒရုန်းများနှင့် ဒုံးကျည်များကို လမ်းညွှန်ရန်အတွက် အမေရိက၏ ဂျီပီအက်စ် ဂြိုဟ်တုကွန်ရက်အပေါ် မှီခိုမှုကို စွန့်လွှတ်လိုက်ပြီး တရုတ်နိုင်ငံ၏ ဘိုက်ဒူး ဂြိုဟ်တုလမ်းညွှန်စနစ်သို့ ပြောင်းလဲအသုံးပြုခဲ့ရာ အစ္စရေး၏ လေကြောင်းကာကွယ်ရေး လုပ်ငန်းစဉ်များကို ပိုမိုခက်ခဲရှုပ်ထွေးစေခဲ့သည်။

ပြီးခဲ့သည့် ဇွန်လက အစ္စရေးနှင့် ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲနောက်ပိုင်းတွင် အီရန်နိုင်ငံသည် ၎င်း၏ ဂြိုဟ်တုထောက်လှမ်းရေးစနစ်ကို မြှင့်တင်ခဲ့ရာ ပြီးခဲ့သည့် နွေရာသီစစ်ပွဲအတွင်း အီရန်ဒရုန်းများနှင့် ဒုံးကျည်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည့် အစ္စရေး၏ အီလက်ထရွန်နစ်စစ်ဆင်ရေး နည်းဗျူဟာများ၏ ထိရောက်မှုကို လျော့နည်းစေလိမ့်မည်ဟု စစ်ရေးလေ့လာသူများက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ်တွင် အစ္စရေးသည် အနောက်နိုင်ငံထုတ် အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များကို အလွန်ထိရောက်စွာ အသုံးပြုနိုင်ခဲ့ပြီး အမေရိကန် ဂျီပီအက်စ်အချက်ပြမှုများအပေါ် မှီခိုနေရသော အီရန်ဒရုန်းများနှင့် ဒုံးကျည်အုပ်စုများကို အောင်မြင်စွာ နှောင့်ယှက်နိုင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်နှစ်အတွင်း အီရန်သည် တရုတ်၏ ပိုမိုခေတ်မီဆန်းသစ်သော ဘိုက်ဒူး-၃ (ဘီဒီအက်စ်-၃) လမ်းညွှန်ကွန်ရက်သို့ ပြောင်းလဲခဲ့သည်။

သမိုင်းတစ်လျှောက်တွင် အစ္စရေးက အသုံးပြုလေ့ရှိသော အီလက်ထရောနစ်စစ်ဆင်ရေးစနစ်များသည် ဝင်ရောက်လာသော ဒရုန်းများထံသို့ တည်နေရာ အမှားများပေးပို့ကာ လမ်းကြောင်းလွဲသွားစေရန် သို့မဟုတ် ပျက်ကျသွားစေရန် ကြိုးပမ်းလေ့ရှိသည်။ ဘိုက်ဒူး စနစ်တပ်ဆင်ထားသော ဒရုန်းများသည် ယင်းကဲ့သို့သော နှောင့်ယှက်မှုများကို စစ်ထုတ်ပစ်နိုင်စွမ်းရှိသည်။

ယခုလမ်းညွှန်စနစ်သည် ပစ်မှတ်တိကျမှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ဘိုက်ဒူး-၃ သည် လေထု၏ အနှောင့်အယှက်များကို အနည်းဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားသည့် ကြိမ်နှုန်း သုံးမျိုး အသုံးပြုသော စနစ်ဖြင့် အလုပ်လုပ်ပေသည်။

"ဒါဟာ အီရန်ဒုံးကျည်တွေကို လေထုအတွင်းက အမှားအယွင်းတွေကို အချိန်နဲ့တပြေးညီ ဖယ်ရှားပေးနိုင်စေပြီး ၅ မီတာအောက် တိကျမှု ကို ရရှိစေပါတယ်။ ဒါဟာ အီရန်ရဲ့ တိုက်ခိုက်မှုဗျူဟာကို နယ်မြေအလိုက် အလုံးအရင်းနဲ့ ပစ်ခတ်မှုကနေ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပိုမိုတိကျစွာ ပစ်မှတ်ထားတိုက်ခိုက်တဲ့ဘက်ကို ပြောင်းလဲစေနိုင်ပါတယ်" ဟု မာရင်းစ် က ဆိုသည်။

အခြားထူးခြားချက်တစ်ခုမှာ ဘိုက်ဒူး ၏ စာတိုပေးပို့မှု စွမ်းရည်ဖြစ်ပြီး ယင်းသည် ကွန်ရက်အသုံးပြုထားသော ကိရိယာများနှင့် နှစ်ဖက်အပြန်အလှန် ဆက်သွယ်နိုင်စေသည်။ “ ဘီဒီအက်စ်-၃ ဟာ လမ်းညွှန်ပေးရုံတင်မဟုတ်ဘဲ နှစ်ဖက်အပြန်အလှန် ဆက်သွယ်နိုင်တဲ့ နည်းဗျူဟာမြောက် အချက်အလက်ချိတ်ဆက်မှု တစ်ခုပါ" ဟု မာရင်းစ် က ပြောကြားခဲ့သည်။ ယင်းသည် ကီလိုမီတာ ၂,၀၀၀ အကွာအဝေးအထိ ပျံသန်းနေသော ဒရုန်း သို့မဟုတ် ဒုံးကျည်များကို ထိန်းချုပ်သူများက ဆက်သွယ်နိုင်စေသည်။

“တရုတ်ရဲ့ 'မျက်စိ' (ဂြိုဟ်တုထောက်လှမ်းရေး) နဲ့ အီရန်ရဲ့ 'လက်သီး' (စစ်ရေးအင်အား) ကို ပေါင်းစပ်လိုက်ခြင်းဖြင့် တေရန်ဟာ အနောက်အုပ်စုရဲ့ နည်းပညာသာလွန်မှုကို ကျော်လွှားနိုင်တဲ့ စစ်ဆင်ရေးစနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်" ဟု ဆိုသည်။

အချို့သော ဝေဖန်သူများက ဤတိုးတက်မှုသည် စစ်ဘက်နည်းပညာတွင် ပိုမိုကျယ်ပြန့်သော အပြောင်းအလဲကို ဖော်ပြနေသည်ဟု ဆိုသည်။ "အမေရိကန်နဲ့ အစ္စရေးတို့က ၁၉၉၀ ပြည့်နှစ်တွေက 'ကန္တာရမုန်တိုင်း' စစ်ပွဲပုံစံအတိုင်း တိုက်နေတုန်းမှာ အီရန်က ၂၁ ရာစုရဲ့ အာကာသထောက်လှမ်းရေးနဲ့ နည်းပညာမြင့် စစ်ပွဲပုံစံကို လက်နက်တိုင်းမှာ ထည့်သွင်းတိုက်ခိုက်နေတာပါ" ဟု မာရင်းစ် က ပြောကြားခဲ့သည်။

တရုတ်၏ ဂြိုဟ်တုထောက်လှမ်းရေးစနစ်သည် အီရန်စစ်ပွဲတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပြီး အမေရိကန်၏ ယခင်က တစ်ဦးတည်းမူပိုင်ဖြစ်ခဲ့သော အချိန်နဲ့တပြေးညီ ဂြိုဟ်တုထောက်လှမ်းရေး စွမ်းရည်ကို ယှဉ်ပြိုင်နိုင်လာခဲ့သည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ရုရှားသည်လည်း အီရန်အား ဂြိုဟ်တုထောက်လှမ်းရေး အချက်အလက်များ ပံ့ပိုးပေးနေသည်ဟု ဆိုသော်လည်း ခိုင်လုံသောအထောက်အထား မရှိသေးပေ။ ရုရှားသည် ယခင်က အီရန်၏ ကင်းထောက်ဂြိုဟ်တုများကို လွှတ်တင်ပေးခဲ့ဖူးပြီး ဂြိုဟ်တုဓာတ်ပုံများကို အီရန်နှင့် ၎င်း၏ မဟာမိတ်များထံ မျှဝေခဲ့ဖူးသည်။

တစ်ဖက်တွင်လည်း အီရန်ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသော ပင်လယ်ကွေ့နိုင်ငံအချို့မှာမူ ၎င်းတို့၏ ပက်ဒရီရော့ ဒုံးကျည်များ လျော့နည်းလာသောကြောင့် ယူကရိန်း၏ အဆင့်မြင့် ကြားဖြတ်ဒရုန်းစနစ်များကို ဝယ်ယူရန် ကြိုးပမ်းလာကြသည်။ ယူကရိန်းသည် လစဉ် ကြားဖြတ်ဒရုန်းပေါင်း ၅၀,၀၀၀ ခန့် ထုတ်လုပ်နိုင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ကာကွယ်ရေးလိုအပ်ချက်ကို မထိခိုက်စေဘဲ ယူနစ်ပေါင်း ၅,၀၀၀ မှ ၁၀,၀၀၀ ကြားကို တင်ပို့နိုင်ကြောင်း ယူကရိန်းလေတပ်မှ ဗိုလ်မှူးကြီး ပါဗလို ယယ်လီဇာရော့ဖ် က ပြောကြားခဲ့သည်။

Ref : ဘီအန်အီးအင်တယ်လီနယူး

image