လောင်စာဆီအကျပ်အတည်းကို ဖြေရှင်းရန် အာရှနိုင်ငံများတွင် အရေးပေါ်အစီအစဉ်များပြုလုပ်‌နေကြရ

အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီအကျပ်အတည်းကို ဖြေရှင်းရန် အာရှနိုင်ငံများတွင် အရေးပေါ်အစီအစဉ်အဖြစ် တစ်ပတ်လျှင် လေးရက်လုပ်ငန်းခွင်နှင့် အိမ်မှနေ၍ အလုပ်လုပ်ခြင်း (WFH) စနစ်များကို ကျင့်သုံးလာကြသည်။

အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်ပို့မှုအပေါ် အလွန်အမင်း မှီခိုနေရသော အာရှအစိုးရများသည် ရေနံစျေးနှုန်းမြင့်တက်လာခြင်းနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီ ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေကြရသည်။ ဂျပန်နိုင်ငံသည် ၎င်း၏ ရေနံလိုအပ်ချက် ၉၀ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားနိုင်ငံသည် ၇၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေရခြင်းဖြစ်သည်။

စွမ်းအင်အကျပ်အတည်းကြောင့် အစိုးရများသည် လောင်စာဆီချွေတာရန် ပြင်းထန်သော အစီအမံများကို ချမှတ်ဆောင်ရွက်နေရသည်။

မတ်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံက အစိုးရဝန်ထမ်းများကို ဓာတ်လှေကားအစား လှေကားကိုသာ အသုံးပြုရန်နှင့် အကျပ်အတည်းကာလအတွင်း အိမ်မှနေ၍ အလုပ်လုပ်ကြရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် လေအေးပေးစက် အပူချိန်ကို ၂၇ ဒီဂရီစင်တီဂရိတ်တွင်သာထားရန် သတ်မှတ်ခဲ့ပြီး ဝန်ထမ်းများကို ဝတ်စုံပြည့်ဝတ်ဆင်မည့်အစား လက်တိုရှပ်အင်္ကျီများ ဝတ်ဆင်ရန် တိုက်တွန်းသွားမည်ဖြစ်သည်။ (ရိုက်တာသတင်းဌာန၏ အဆိုအရ ထိုင်းနိုင်ငံတွင် ၉၅ ရက်စာ စွမ်းအင်အရန်သင့် ရှိနေသေးကြောင်း သိရသည်။)

ဗီယက်နမ်နိုင်ငံကလည်း သွားလာမှုနှင့် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များကို လျှော့ချရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများကို အိမ်မှနေ၍ အလုပ်လုပ်ခွင့်ပြုရန် တောင်းဆိုထားသည်။

ဖိလစ်ပိုင်နိုင်ငံတွင်လည်း တစ်ပတ်လျှင် လေးရက်သာ အလုပ်လုပ်သည့်စနစ်ကို တွန်းအားပေးနေပြီး အစိုးရတာဝန်ရှိသူများကိုလည်း "မဖြစ်မနေ လိုအပ်သည့်ကိစ္စ" များမှလွဲ၍ ခရီးသွားလာခြင်း မပြုရန် အမိန့်ထုတ်ထားသည်။

တောင်အာရှနိုင်ငံများမှာလည်း အခြေအနေဆိုးရွားလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လောင်စာဆီချွေတာရန်အတွက် အိဒ် (Eid-al-fitr) အားလပ်ရက်ကို ရှေ့တိုးသတ်မှတ်ကာ တက္ကသိုလ်များကို စောစီးစွာ ပိတ်ထားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည်လည်း အစိုးရရုံးများအတွက် တစ်ပတ်လျှင် လေးရက်လုပ်ငန်းခွင်စနစ်ကို ကျင့်သုံးပြီး ကျောင်းများကို ပိတ်ထားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် အိမ်ထောင်စုများအတွက် ဦးစားပေးထောက်ပံ့နိုင်ရန် စီးပွားဖြစ်လုပ်ငန်းရှင်များထံသို့ LPG ပေးပို့မှုကို ရပ်ဆိုင်းထားရာ လောင်စာဆီမရရှိပါက ဟိုတယ်နှင့် စားသောက်ဆိုင်များ ပိတ်လိုက်ရနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်နေသည်။

တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က တနင်္လာနေ့တွင် ရေနံထွက်ကုန်ပစ္စည်းများအပေါ် စျေးနှုန်းကန့်သတ်ချက် ထုတ်ပြန်မည်ဟု ပြောကြားခဲ့ပြီး လက်ရှိအကျပ်အတည်းသည် နိုင်ငံ၏စီးပွားရေးအပေါ် "ကြီးမားသောဝန်ထုပ်ဝန်ပိုး" ဖြစ်စေကြောင်း သတိပေးခဲ့သည်။ ပဋိပက္ခကြောင့် တောင်ကိုရီးယားသို့ ဦးတည်သည့် ရေနံစည်ပေါင်း ၁.၇ သန်းခန့် နေ့စဉ် တင်ပို့နိုင်ခြင်းမရှိဘဲ ကြန့်ကြာနေကြောင်း သမ္မတ၏ မူဝါဒရေးရာအကြံပေး ကင်ယုန်‌‌ဗျောင်းက မတ်လ ၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျပန်စက်မှုဝန်ကြီး ရိုဆေအာကာဇာဝါ က ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌ နိုင်ငံ၏ အမျိုးသားအရန်ရေနံများကို ထုတ်ယူသုံးစွဲရန် ဖြစ်နိုင်ခြေရှိကြောင်းနှင့် စွမ်းအင်တည်ငြိမ်စွာ ရရှိစေရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးက စွမ်းအင်ထောက်ပံ့ကြေးအတွက် ရူပီးယား ၃၈၁.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၂.၆ ဘီလီယံ) လျာထားကြောင်းနှင့် ပြည်သူများအတွက် လောင်စာဆီနှင့် လျှပ်စစ်စျေးနှုန်း သက်သာစေရန် Pertamina ကဲ့သို့သော နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီများကို ငွေကြေးစိုက်ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် မီးဖိုဂက်စ်စျေးနှုန်းကို မေလအထိ ထိန်းချုပ်ထားရန် စီစဉ်နေပြီး စားသုံးသူများကို ဘိုင်အိုဒီဇယ်နှင့် ဘင်ဇင်းကဲ့သို့သော အစားထိုးစွမ်းအင်များ အသုံးပြုရန် တိုက်တွန်းနေသည်။

ဗီယက်နမ်နိုင်ငံသည်လည်း လောင်စာဆီတင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်အခများကို ပယ်ဖျက်ရန် စဉ်းစားနေသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရေနံစျေးနှုန်းမှာ အတက်အကျ အလွန်ကြမ်းခဲ့သည်။ WTI ရေနံစိမ်းစျေးနှုန်းသည် တနင်္လာနေ့တွင် တစ်စည်လျှင် ၁၁၅ ဒေါ်လာကျော်အထိ မြင့်တက်ခဲ့ပြီး ဝါရှင်တန်မှ ထွက်ပေါ်လာသည့် ထုတ်ပြန်ချက်များကြောင့် ပြန်လည်ကျဆင်းကာ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် တစ်စည်လျှင် ၉၀ ဒေါ်လာကျော်တွင် ရှိနေသည်။

မတ်လ ၁၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင် ၃၂ နိုင်ငံက ၎င်းတို့၏ အရေးပေါ် အရန်ရေနံစည်ပေါင်း သန်း ၄၀၀ ကို ထုတ်ပေးရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်။

အရှေ့အလယ်ပိုင်းမှ ရေနံစီးဆင်းမှုမှာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေဆဲဖြစ်သဖြင့် အကန့်အသတ်များ ရှိနေသေးသည်။ Wood Mackenzie မှ လေ့လာဆန်းစစ်သူ ဆိုင်မွဖလားဝါးစ်က "၂၀၂၂ ရုရှား-ယူကရိန်း အကျပ်အတည်းတုန်းက ရေနံစျေးဟာ ငွေကြေးဖောင်းပွမှုနဲ့ တွက်ချက်ရင် တစ်စည်ကို ၁၅၀ ဒေါ်လာအထိ ရှိခဲ့ပေမဲ့ အခုအခြေအနေက ပိုပြီးတော့ ပြင်းထန်နိုင်ပါတယ်။ ဒီတစ်ခါ စွန့်စားနေရတဲ့ ရေနံပမာဏက ပိုများပြီး လက်တွေ့ကျတဲ့ အန္တရာယ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြင်အရ ၂၀၂၆ မှာ ရေနံတစ်စည်ကို ဒေါ်လာ ၂၀၀ အထိ ဖြစ်လာနိုင်ခြေရှိပါတယ်" ဟု ရေးသားခဲ့သည်။

image