ဒစ်ဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်

ဒစ်ဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်ပြီး မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။

နေပြည်တော်တွင် ယမန်နေ့က ကျင်းပသည့် ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဓိက အားဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာက မရှိမဖြစ်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။

လက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ရှင်သန်ကြီးထွားလာစေရန်နှင့် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင် စေရန်အတွက် “စိုက်ပျိုးရေးအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ပေးခြင်းစီမံကိန်း”၊ “MSMEs လုပ်ငန်းများမြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုမြှင့်တင်ခြင်းစီမံကိန်း” တို့ကို စီမံကိန်းကာလနှစ်နှစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု မြှင့်တင်ခြင်းစီမံကိန်းအရ အဓိကလုပ်ငန်းစဉ်များတွင် အသေးစားစက်မှု လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ငန်းမှတ်ပုံတင်နိုင်ရန်အတွက် အွန်လိုင်းမှတ်ပုံတင်ပလက်ဖောင်းတစ်ခုတည်ထောင်ခြင်းနှင့် အသေးစားစက်မှု ထုတ်ကုန်များအတွက် ဒစ်ဂျစ်တယ်စျေးကွက် (e-commerce) ပလက်ဖောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများပါဝင်ပါကြောင်း သိရသည်။

image