ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုပြီးမှ အမှားပြုလုပ်လို့ ၁၇ မိနစ်တွင်ပင် ဂိုးသမားငယ်အား လူစားလဲလှယ်ခဲ့တဲ့ အိုင်ဂေါ်ကျူဒေါ်ကို ဂျိုးဟတ်အပြင်းအထန် ဝေဖန်
===================
အင်္ဂလန်ဂိုးသမားဟောင်းဂျိုးဟတ်ဟာ ချန်ပီယံလိဂ်ပထမဆုံးပွဲတွင် အမှားပြုလုပ်မှုအတွက် ၁၇ မိနစ်မှာပင် ဂိုးသမားအန်တိုနီကန်စကီကို လူစားလဲလှယ်မှု ပြုလုပ်ခဲ့တဲ့ စပါးစ်ယာယီနည်းပြအိုင်ဂေါ်ကျူဒိုအား အပြင်းအထန် ဝေဖန်မှု ပြုလုပ်လာပါတယ်။

အိုင်ဂေါ်ကျူဒေါ်ဟာ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးပွဲအဖြစ် ကန်စကီအား ပထမဆုံးချန်ပီယံလိဂ်ပွဲ ကစားခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကန်စကီဟာ အစောပိုင်း ဆိုးရွားတဲ့အမှားကြီး ၂ ခု ပြုလုပ်မှုနှင့်အတူ အက်သလက်တီကိုအား ၁၅ မိနစ်မှာပင် ၃-၀ ဖြင့် ဦးဆောင်စေခဲ့ပါတယ်။

ကျူဒေါ်ဟာ ချက်ချင်းပင် အရန်ခုံမှာ ထိုင်ခိုင်းထားတဲ့ နံပါတ် ၁ ဂိုးသမားဗီကာရီယိုအား လူစားထည့်သွင်းမှု ပြုလုပ်ခဲ့ပါတယ်။

အက်သလက်တီကိုအား ၅-၂ ဖြင့် ရှုံးနိမ့်ပြီးနောက်မှာတော့ အိုင်ဂေါ်ကျူဒေါ်က "ကျုပ် နည်းပြဘဝ ၁၅ နှစ်အတွင်းမှာ ဒါမျိုး မလုပ်ခဲ့ဖူးပါဘူး။ ဒီလူနဲ့ ဒီအသင်းကို ထိန်းသိမ်းဖို့ လိုအပ်နေခဲ့တယ်။ တကယ့်ကို မယုံနိုင်စရာအခြေအနေပါ။ ပွဲမတိုင်ခင် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ခဲ့တယ်။ ဗီကာရီယိုအပေါ် ဖိအားကျရောက်နေတယ်။ တိုနီ(ကန်စကီ)ကလည်း ဂိုးသမားကောင်းပါ။ ဒီလို ဖြစ်ပျက်လာပြီးတဲ့နောက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ပြောလို့ မရတော့ပါဘူး။ တိုနီလည်း စိတ်မကောင်းဖြစ်နေတယ်။ သူ့အပေါ် အပြစ်ပုံချနေတယ်။ သူက ဉာဏ်ကောင်းပြီး တော်တဲ့ ဂိုးသမားပါ။ အသင်းကလည်း သူနဲ့အတူ ရှိနေတယ်။ ကျုပ်လည်း ဒီအတိုင်းပဲ။ သူလည်း နားလည်တယ်။ ကံဆိုးတာက တကယ့်ပွဲကြီးတစ်ပွဲမှာ အမှားကြီးတွေ ဖြစ်လာတာပါ။ အခုလို အားနည်းပြီးရင်း အားနည်းနေတဲ့ အချိန်ကာလမျိုးမှာ ကျွန်တော်တို့အတွက် အလွန်ခက်ခဲလွန်းနေပါတယ်"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် အိုင်ဂေါ်ကျူဒေါ်ဟာ စပါးစ်ကို ယာယီနည်းပြအဖြစ် ၄ ပွဲ ကိုင်တွယ်ရာမှာ ၄ ပွဲလုံး ရှုံးနိမ့်ပြီး ၁၄ ဂိုးအထိ ပေးထားရပါတယ်။

စပါးစ်ကစားသမားများဖြစ်ကြတဲ့ ပယ်ဟင်ဟာ၊ ကော်နာဂယ်လာဂါတို့ဟာ ချန်ပီယံလိဂ်ပထမဆုံးပွဲတွင် အိပ်မက်ဆိုးကြုံခဲ့ရတဲ့ ကန်စကီကို နှစ်သိမ့်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အိုင်ဂေါ်ကျူဒေါ်ကတော့ ဂိုးသမားကို နှစ်သိမ့်မှု ပြုလုပ်ခဲ့တာ မတွေ့ရပါဘူး။

အက်သလက်ကိုမက်ဒရစ်ပရိသတ်များဟာလည်း ပထမဆုံးကစားတဲ့ ချန်ပီယံလိဂ်ပွဲတွင် ၁၇ မိနစ်မှာပင် လူစားလဲလှယ်ခြင်းခံရကာ ကစားသမားဘဝတစ်လျှောက်လုံး နာကျင်မှုနှင့် ကြုံတွေ့လာရတော့မယ့် ဂိုးသမားငယ်အား လက်ခုပ်တီးကာ အားပေးမှု ပြုလုပ်ခဲ့ကြပါတယ်။

အင်္ဂလန်ဂိုးသမားဟောင်းဂျိုးဟတ်ကတော့ စပါးစ်နည်းပြကျူဒေါ်ရဲ့ အခြေအနေအပေါ် မကိုင်တွယ်တတ်မှုအပေါ် ဝေဖန်သွားပါတယ်။

ဟတ်က "ဒီအဆင့်သို့ ရောက်အောင် စပါးစ်ရဲ့ စာချုပ်ချုပ်ဆိုခံရအောင် အများကြီး လုပ်ခဲ့ရတာ။ အမှားတစ်ခုက ဘာမှ မပြောင်းလဲသွားစေပါဘူး။ နည်းစနစ်ပိုင်းဆိုင်ရာအမှားပါ။ ဒါပေမယ့် ဒီလိုလုပ်တာ(လူစားလဲ)က မှန်ကန်တဲ့ ဆုံးဖြတ်ချက်လား။ မှန်ချင်လည်း မှန်နိုင်တယ်။ ကျွန်တော်က အားလုံးကို သိချင်တော့ တုံပြန်ရတာ မုန်းတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့သူ့ကို ကစားခိုင်းပြီး လူစားလဲတာကတော့ လူသားမဆန်ဘူး။ သူက စပါးစ်ကို နာကျင်အောင် ပျက်စီးအောင် လုပ်နေတဲ့သူ မဟုတ်ပါဘူး။ သူ့မှာ မကောင်းတဲ့ အခိုက်အတန့်အချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အားတင်းပြီး အသိအမှတ်ပြုလို့ မရဘူးလား။ စပါးစ်ကစားသမားတစ်ယောက်ချင်းစီတိုင်း နာကျင်မှု ခံစားနေပြီး ဘာလုပ်လို့ ကိုင်ရမှန်းတောင် မသိကြပါဘူး။ သူ့အတွက် ကောင်းတာရော ဘာရှိလဲ?"လို့ ပြောကြားသွားပါတယ်။

စပါးစ်ဟာ အက်သလက်တီကိုအား ပထမအကျော့တွင် ၅-၂ ဖြင့် ရှုံးနိမ့်မှုနှင့်အတူ ချန်ပီယံလိဂ်အိပ်မက် တခန်းရပ်ကာ ပရီးမီးယားလိဂ်မှ တန်းမဆင်းရရေးတိုက်ပွဲကိုသာ အဓိက အာရုံစိုက်လာရတော့မှာလည်း ဖြစ်ပါတယ်။

စပါးစ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင် ရပ်တည်နေပါတယ်။

စပါးစ်အတွက် မေးခွန်းထုတ်စရာ ရှိနေတာကတော့ ၄ ပွဲကိုင်တွယ်ရာမှာ ၄ ပွဲ ရှုံးနိမ့်ထားတဲ့ အိုင်ဂေါ်ကျူဒေါ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ရေး ဖြစ်နေပါတယ်။

image