မိုက်ကယ်ကာရစ်ကို စော်ကားတိုက်ခိုက်ရန် မရည်ရွယ်ကြောင်း ပေါလ်စခိုးရှင်းလင်းလာ
===================
ပေါလ်စခိုးက အင်စတာဂရမ်စတိုရီတွင် ယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်နှင့်ပတ်သက်ပြီး တင်ခဲ့တဲ့ ပို့စ်မှာ ယူနိုက်တက်ကစားဖော်ဟောင်းကို စော်ကားတိုက်ခိုက်ရန် မရည်ရွယ်ကြောင်း ရှင်းလင်းလာပါတယ်။

နယူးကာဆယ်ကို ၂-၁ ဖြင့် ရှုံးနိမ့်ကာ ယူနိုက်တက်တို့ ကာရစ်လက်ထက် ပထမဆုံးရှုံးပွဲ ကြုံရပြီးနောက် ပေါလ်စခိုးဟာ "ယူနိုက်တက်တို့ နောက်ဆုံး ၄ ပွဲဆက်တိုက် ခြေစွမ်းပြနေတယ်ဆိုတော့ မိုက်ကယ့်မှာ တခုခု ထူးခြားတာ ရှိနေတာ သေချာတယ်"လို့ ပို့စ်တင်ခဲ့ပါတယ်။

စခိုးဟာ ယူနိုက်တက်တွင် ကာရစ်နှင့် အတူ ၇ နှစ်တိုင်တိုင် အတူတွဲကစားခဲ့သူ ဖြစ်ပါတယ်။ ယင်းပို့စ်နှင့်ပတ်သက်ပြီး ကစားဖော်ဟောင်းအီဗရာက "သူ့အကောင့်အဟက်ခံရတာ ဖြစ်ပါစေလို့မျှော်လင့်တယ်"လို့ ပြောဆို ဝေဖန်ခဲ့ပါတယ်။

ယခုအခါမှာတော့ The Good, The Bad & The Football အစီအစဉ်တွင် ပေါလ်စခိုးက "မိုက်ကယ်ကို စော်ကားတိုက်ခိုက်လိုစိတ် လုံးဝ မရှိပါဘူး။ မိုက်ကယ်က ဘောလုံးလောကမှ ခင်ဗျားတွေ့ဖူးသမျှ လူတွေထဲမှာ သဘောအကောင်းဆုံးလူတွေထဲက တစ်ဦးပါ။ သူက ကျွန်တော်တိုက်ခိုက်ပြောဆိုမယ့် နောက်ဆုံးသူပါ။ မိုက်ကယ်ကိုလည်း မက်ဆေ့ချ်ပို့ခဲ့တယ်။ "မင်းကို အံ့ဩသွားအောင် လုပ်လို့ စိတ်မရှိဘူး။ ဘာပဲဖြစ်ဖြစ် ဒါနဲ့ပတ်သက်ပြီး ပြောဖို့ လိုတယ်လို့လည်း မထင်ဘူး"လို့ ပြောခဲ့တယ်။ သူကလည်း ဘာမှ မဖြစ်ဘူးလို့ ပြောပါတယ်"လို့ ပြောကြားသွားပါတယ်။

ကာရစ်ဟာ ဇန်နဝါရီလတွင် ထုတ်ပယ်ခြင်းခံရတဲ့ ရူဘင်အမိုရမ်နေရာတွင် ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် ၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကာရစ်လက်ထက် ယူနိုက်တက်ဟာ နောက်ပိုင်းပွဲစဉ်များတွင် မန်စီးတီး၊ အာဆင်နယ်တို့ကို အနိုင်ယူခဲ့တဲ့ ခြေစွမ်းမျိုး ပြသနိုင်ရန် ရုန်းကန်နေရတာ တွေ့ရပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး အခြေအနေကောင်းနေပါတယ်။

ဆက်လက်ပြီး ပေါလ်စခိုးက "လူတွေက ကျွန်တော်ရည်ရွယ်တာနဲ့ ကွဲပြားပြီး တွေးမိကြတယ်ထင်တယ်။ ကျွန်တော် ရည်ရွယ်တာက နောက်ဆုံးလေးပွဲမှာ ကောင်းကောင်းမကစားဘူးလို့ ရည်ရွယ်တာပါ။ သူလည်း ရလဒ်ကောင်းတွေရဖို့ လုပ်နေတုန်းပါ။ ကျွန်တော်တို့မှာ ကမ္ဘာ့အကြီးကျယ်ဆုံးနည်းပြပိုင်ဆိုင်ခဲ့တယ်။ သူက အမြဲတမ်းပြောတတ်တာက တခါတလေ ကံကောင်းဖို့ လိုတယ်။ ပွဲတွေ ကွဲပြားစွာ ဖြစ်ပျက်နေတာနဲ့အတူ တခါတလေ ကံကောင်းမှု အနည်းငယ်လိုတယ်။ ကျွန်တော့်ရည်ရွယ်တာက ဒါကိုပါ"လို့ ပြောကြားသွားပါတယ်။

image