ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောတစ်စင်း ဒုံးကျည်ထိမှန်
အာရေဗျပင်လယ်ကွေ့၏ ကျဉ်းမြောင်းသောနေရာကို ပစ်မှတ်ထားလာနိုင်သည့် အီရန်မိုင်းထောင်သင်္ဘောများကို အမေရိက,က တိုက်ခိုက်နေချိန်တွင် ဗုဒ္ဓဟူးနေ့က ဟော်မုဇ်ရေလက်ကြား၌ ကုန်သင်္ဘောတစ်စင်း ဒုံးကျည်ထိမှန်ခဲ့သည်။
သင်္ဘောသည် အိုမန်မြောက်ဘက် ရေလက်ကြားနေရာတွင် ထိမှန်ခဲ့ကြောင်း ဗြိတိန်စစ်တပ်က စီမံခန့်ခွဲသော ယူနိုက်တက်ကင်းဒမ်း ရေကြောင်းကုန်သွယ်ရေးဌာနက ပြောကြားခဲ့သည်။
“ဟော်မုဇ်ရေလက်ကြားတွင် ကုန်သင်္ဘောတစ်စင်းကို အမျိုးအမည်မသိရသော ဒုံးကျည်တစ်စင်းထိမှန်ခဲ့ပြီး သင်္ဘောပေါ်တွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်” ဟု အဆိုပါဌာနက ပြောကြားခဲ့သည်။
သင်္ဘောသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းကို ဖြတ်သန်းသယ်ဆောင်သော ဟော်မုဇ်ရေလက်ကြားတွင် အီရန်က ဖောက်ခွဲပစ္စည်းများ ချထားသည်ဆိုသော သတင်းများ မရရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူမှုမီဒီယာပို့စ်များတွင် ပြောကြားခဲ့သည်။
ရေလမ်းကြောင်းကို ပိတ်ဆို့မည့် လုပ်ရပ်များကို ဟန့်တားရန် အင်္ဂါနေ့တွင် အီရန်မိုင်းထောင်သင်္ဘော တစ်ဒါဇင်ကျော်ကို ဖျ-က်ဆီးပစ်ခဲ့ကြောင်း အမေရိက,က ပြောကြားခဲ့သည်။
မဟာဗျူဟာမြောက်ရေလက်ကြားမှတဆင့် ရေနံသယ်ဆောင်ခြင်းများကို ခွင့်မပြုဟူသော အီရန်၏ ကြုံးဝါးမှုကြောင့် ဈေးကွက်မတည်ငြိမ်မှုနှင့် အထူးသဖြင့် ဒေသတွင်းမှ ရေနံတင်ပို့မှုအပေါ် အမှီပြုနေရသော အာရှတွင် လောင်စာပြတ်လပ်မည့်အရေးကို စိုးရိမ်စေခဲ့သည်။
အီရန်နှင့်ဆက်စပ်သည်ဟု ယုံကြည်ရသော ရေနံတင်သင်္ဘောအချို့မှာမူ ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖြတ်သန်းနေဆဲဖြစ်သည်။
Ref: Al-Awsat