ရန်ကုန်မြို့တွင် ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ရန်ကုန်မြို့၊ Park Royal Hotel တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းကော်မတီနှင့် အသင်းဝင် Rice Exporter ကုမ္ပဏီများ ပူးပေါင်းပြီး ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှု အခြေအနေများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပို့ကုန်လျာထားချက်များ၊ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းစဉ်များ၊ Export လုပ်ငန်းတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တက်ရောက်သူများမှ အတွေ့အကြုံများကို မျှဝေပြီး မေးမြန်းဆွေးနွေးခြင်းများကို အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးဖြေရှင်းခဲ့ကြကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အဆိုအရ ၂၀၂၅ - ၂ ၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုသည် မတ်လ (၁၀) ရက်အထိ တန်ချိန် (၂,၅၀၆,၀၅၀)မက်ထရစ်တန် တင်ပို့ထားပြီး ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ပိုမိုတင်ပို့နိုင်ခဲ့သည်။
ယခုဘဏ္ဍာနှစ်ကုန်မတိုင်မီ တတ်နိုင်သမျှ ပို့ကုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုများအရ အထူးဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။