မုံရွာမြို့ အလုံဘိုးတော်ကြီး နတ်ပွဲစည်ကားလျက်ရှိ

မုံရွာမြို့မြောက်ဘက် (၇) မိုင်ခန့်အကွာရှိ အလုံတပ်မြို့တွင် တပေါင်းလပြည့်ကျော် (၅)ရက် (မတ်လ၇ရက်)က စတင်ကျင်းပ‌နေသည့် အလုံဘိုးတော်ကြီးနတ်ပွဲ၏ အစည်ကားဆုံးဖြစ်သော တပေါင်းလပြည့်ကျော် (၉)ရက် (မတ်လ (၁၁) ရက်)တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများ များပြားလျက်ရှိကြောင်း တွေ့ရသည်။

"အရင်နှစ်ကထက် ဒီနှစ်စည်တယ်။ မုံရွာဝန်းကျင်ကရော နယ်ဝေးကပါလာကြတယ်။ အထူးသဖြင့် ဒီနေ့ ကျွဲလှည်းဝင်တဲ့အချိန် နတ်နန်းကြီးပတ်လည်ပြည့်ကြပ်သွားအောင် လာတဲ့သူများခဲ့တာ။ ဒုန်းစိုင်းဝင်လာတဲ့ ကျွဲလှည်းကို စောင့်ကြိုနေကြသူတွေက လာရာလမ်းတလျောက်အများကြီးပါ"ဟု အလုံဘိုးတော်ကြီးပွဲသို့ နှစ်စဥ်လာသူတစ်ဦးက ပြောသည်။

တပေါင်းလပြည့်ကျော် (၉)ရက် ၊ နံနက် (၉)နာရီခန့်တွင် ရှေ့ ပြေးတောင်(ရှပြေးတောင်)မှ ကျွဲလှည်းဖြင့်ကြွလာသော ဘိုးတော်ကြီးကို ရှေးထုံးစံအတိုင်း အမျိုးများက ကြိုဆိုကြရခြ င်းဖြစ်ပြီး ရှေးဘိုးဘွားများလက်ထက်က တည်းက ကြိုဆိုခဲ့ကြသည့်အတိုင်း အရှင်ကြီးပြန်ဝင်လာလျင်သက်ဆိုင်ရာရိုးရာများက လက်ဖက်ထုပ်များဖြင့်ပေါက်၍ ကြိုဆိုကြခြင်းဖြစ်သည်။

ယခင်က ကျွဲလှည်း (၉)စီးဖြင့် ကျင်းပကြသော်လည်း ယခုတွင် အရှေ့နန်း၊ အနောက်နန်းမှ ကျွဲလှည်း(၂)စီးဖြင့် ကျင်းပခြင်းဖြစ်သည်။

အလုံဘိုးတော်ကြီးပွဲကို တပေါင်းလပြည့်ကျော်(၅)ရက်မှ လပြည့်ကျော် (၁၄)ရက်အထိ မုံရွာမြို့မြောက်ဘက် အလုံတပ်မြို့မှ အလုံဘိုးတော်ကြီး၏ အပြင်နန်းကြီးတွင် ကျင်းပခြင်းဖြစ်သည်။

image