၂၀၁၈–၂၀၂၀ တင်သွင်းယာဉ်များ ကနဦးမှတ်ပုံတင်ပြီးစီးရန် သတ်မှတ်ရက်များ ထုတ်ပြန်

မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောက်ရှိပြီးဖြစ်သော်လည်း မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိသေးသော မော်တော်ယာဉ်များအနေဖြင့် ကနဦးမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အများပြည်သူသို့ အသိပေးကြေညာထားကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းလာပြီး အကောက်ခွန်ဦးစီးဌာနတွင် အခွန်အခများ ပေးဆောင်ထားသော မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်သည်။

သို့ရာတွင် ယာဉ်အချို့သည် မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများနှင့် အလှဆင်နံပါတ်ပြားများ တပ်ဆင်၍ အသုံးပြုနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်များအချို့သည်လည်း မှတ်ပုံတင်လုပ်ငန်းဆက်လက်မဆောင်ရွက်ဘဲ စီမံကိန်းများနှင့် လုပ်ငန်းခွင်များတွင် တရားမဝင်အသုံးပြုနေမှုများ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မော်တော်ယာဉ်များအနေဖြင့် တည်ဆဲ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်လုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသော ယာဉ်များသည် ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသော ယာဉ်များသည် ၂၀၂၆ ခုနှစ် မေ ၃၁ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသော ယာဉ်များသည် ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း ကနဦးမှတ်ပုံတင်လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ကြရန် အသိပေးထားသည်။

သတ်မှတ်ထားသည့် ကာလကျော်လွန်ပါက ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် အချိန်မီ မှတ်ပုံတင်ဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

image