လီဗာပူးနှင့် စာချုပ်ကိစ္စဆွေးနွေးရခြင်း မရှိသေးကြောင်း မက်အယ်လစ်စတာဖွင့်ဟလာ
===================
လီဗာပူးအလယ်တန်းကစားသမားအလက်ဆစ်မက်အလစ်စတာက ကလပ်နှင့် စာချုပ်သက်တမ်းတိုးချုပ်ဆိုရေး‌ ဆွေးနွေးရခြင်း မရှိသေးကြောင်း ပြောကြားလာပါတယ်။

အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးထားတဲ့ ကွင်းလယ်ကစားသမားဟာ လီဗာပူးကွင်းလယ်တွင် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၂၈ ခုနှစ်တွင်မှ ကုန်ဆုံးလာမှာလည်း ဖြစ်ပါတယ်။

ယင်းသိ့ စာချုပ်သက်တမ်း ၂ နှစ်ကျော် ကျန်နေသေးမှုနှင့်အတူ အယ်လစ်စတာဟာ စာချုပ်ကိစ္စအပေါ် အာရုံမစိုက်ဘဲ လတ်တလော ကွင်းတွင်း အကောင်းဆုံးပုံစံ ရရှိရေးကိုသာ အာရုံစိုက်နေတာလည်း ဖြစ်ပါတယ်။

အယ်လစ်စတာက "စာချုပ်ကိစ္စ မဆွေးနွေးရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က အလျှင်မလိုပါဘူး"လို့ ပြောကြားသွားပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဒတ်ချ်ကွင်းလယ်ကစားသမားရိုင်ယန်ဂရာဗန်ဘစ်ချ်ကို အသင်းတွင် ကာလရှည်ကြာ ထိန်းထားနိုင်မယ့် စာချုပ်သက်တမ်းတိုး ချုပ်ဆိုမှု ပြုလုပ်ထားပါတယ်။

လီဗာပူးဟာ ယနေ့ညတွင် အစ္စတန်ဘူလ်သို့ သွားရောက်ကာ ဂါလာတာစာရေးနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ် ကစားရပါမယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ဖလားနှင့်ပတ်သက်ပြီး အယ်လစ်စတာက "ဒါက အခုအချိန်မှာ ကျွန်တော့် အိပ်မက်ပါ။ ဒီနှစ်က ကမ္ဘာ့ဖလားနှစ်ပါ။ ဘာလို့ နှစ်ကြိမ်မရနိုင်ရမှာလဲ။ ဒါပေမယ့် ဒီရာသီမှာ အကြီးမားဆုံးရည်မှန်းချက်က ချန်ပီယံလိဂ်ပါ"လို့ ပြောကြားသွားပါတယ်။

image