ပရီးမီးယားလိဂ်မှ တန်းမဆင်းရရေးမှာ စပါးစ်ရဲ့အဓိကပစ်မှတ်ဖြစ်ကြောင်း ကျူဒိုဖွင့်ဟလာ
=====================
စပါးစ်ရဲ့ ယခုရာသီအဓိကပစ်မှတ်မှာ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်သို့ တက်ရေးထက် ပရီးမီးယားလိဂ်တွင် ဆက်လက်တင်ကျန်ရေး ဖြစ်ကြောင်း ယာယီနည်းပြအိုင်ဂေါ်ကျူဒိုက ဖွင့်ဟ ပြောကြားလာပါတယ်။
စပါးစ်ဟာ ပြီးခဲ့တဲ့လတုန်းက ပရီးမီးယားလိဂ်တွင် ရလဒ်ဆိုးရွားမှုကြောင့် သောမတ်စ်ဖရန့်ကို ထုတ်ပယ်ကာ ခရိုအေးရှားလူမျိုးနည်းပြအိုင်ဂေါ်ကျူဒိုအား ခန့်အပ်ခဲ့ပါတယ်။
အိုင်ဂေါ်ကျူဒိုလက်ထက်တွင်လည်း စပါးစ်ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက် အရှုံးနှင့် ကြုံတွေ့ထားပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင် ရပ်တည်နေပါတယ်။
ဒါပေမယ့် စပါးစ်ဟာ ချန်ပီယံလိဂ်တွင် ခြေစွမ်းကောင်းမွန်နေကာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ထားနိုင်ပြီး ယနေ့ညတွင် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် မက်ဒရစ်သို့ သွားရောက်ကာ အက်သလက်တီကိုနှင့် ရင်ဆိုင်ကစားရပါမယ်။
ဒါပေမယ့်လည်း စပါးစ်ရဲ့ အဓိကပစ်မှတ်က အဆင့်မြင့်တန်းတွင် ၄၉ ရာသီဆက် ဆက်လက်ရှင်သန်နိုင်ရေး ဖြစ်နေပါတယ်။
ကျူဒိုက "ပွဲတိုင်းက အရေးပါပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကွဲပြားမှုအပေါ် မူတည်ပြီး ပွဲအပေါ်မူတည်ပြီး အသုံးချနိုင်တယ်။ ဒီတော့ ဒါက ကျွန်တော်တို့ ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းရာမှာ အကူအညီ ဖြစ်စေနိုင်တယ်။ လမ်းကြောင်းမှန်ပေါ်သို့ ပို့ပေးလာနိုင်တယ်။ ဒါပေမယ့် ကိုယ့်အသင်းအပေါ်မှာပဲ အာရုံစိုက်တယ်။ အသင်းလိုက် ပိုကောင်းလာဖို့နဲ့ ပိုကောင်းအောင် လုပ်ဖို့က အရေးအကြီးဆုံးပါ။ အသင်းပိုကောင်းလာဖို့ ကိုယ့်ရဲ့အကောင်းဆုံးတွေကို အသုံးချနိုင်ဖို့ လိုတယ်။ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးရည်မှန်းချက်က ပရီးမီးယားလိဂ်မှာ ရှင်သန်ရေးပါ။ ဒါက လူသိရှင်ကြား ပြောဖို့ လိုအပ်တဲ့အရာပါ။ ဒါက ပုံမှန်အရေးကြီးတဲ့အရာပါ။ ချန်ပီယံလိဂ်ကတော့ ထပ်ဆောင်းပေါ့။ နောက်တစ်ဆင့်သို့ မတက်ရောက်လိုဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဒဏ်ရာပြဿနာများနှင့် ကြုံလာရတဲ့ စပါးစ်ဟာ နောက်ခံလူများဖြစ်ကြတဲ့ ဒီဂျက်စပင့်၊ ခရစ္စတီယန်ရိုမီယိုတို့ ပြန်လည်ကစားလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ရိုမီယိုမှာ ပွဲပယ်ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ကျူဒိုလက်အောက်တွင် ပထမဆုံးအကြိမ်အဖြစ် ကစားလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျူဒိုလက်အောက်တွင် အရန်ခုံတွင်သာ ၃ ပွဲဆက် ထိုင်နေခဲ့ရတဲ့ ရီချက်လီဆင်မှာ ယနေ့ည အက်သလက်တီကိုနှင့်ပွဲတွင် ပွဲထွက်ကစားလာပါမယ်။