ယီဘိုအာနှင့် ဂျုံးစ်တို့ကို လောင်းကစားမှုကျူးလွန်မှုကြောင့် ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ်လာတဲ့ မေဂျာလိဂ်
====================
မေဂျာလိဂ်ဟာ လောင်းကစားမှု ကျူးလွန်တဲ့ အလယ်တန်းကစားသမားဒါရစ်ခ်ဂျုံးစ်နှင့် တောင်ပံကစားသမားယောယီဘိုအာတို့အား ရာသက်ပန်ပွဲကစားခွင့် ပိတ်ပင်လာပါတယ်။

အသက် ၂၈ နှစ်ရှိ ယီဘိုအာဟာ ပြီးခဲ့တဲ့လတုန်းက အယ်အေအက်ဖ်စီနှင့် စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် တရုတ်စူပါလိဂ်ကလပ် Qingdao Hainiu နှင့် စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိ ဂျုံးစ်မှာလည်း နိုဝင်ဘာလတုန်းက ကိုလံဘတ်စ်ခရူနှင့် စာချုပ်သက်တမ်းကုန်ဆုံကာ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။

မေဂျာလိဂ်ရဲ့ ကြေညာချက်အရ ယင်းကစားသမား ၂ ဦးတို့ဟာ ၂၀၂၄ နှင့် ၂၀၂၅ ရာသီတို့တွင် ၎င်းတို့ ကစားနေတဲ့ အသင်းပွဲစဉ်များအပါအဝင် ဘောလုံးပွဲများကို လောင်းကစားမှု ပြုလုပ်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

ဒါ့အပြင် ဂျုံးစ်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တုန်းက နယူးယောက်ရက်ဘူးလ်နှင့်ပွဲတွင် ကိုလံဘတ်စ်ခရူတွင် ကစားရာတွင် အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

၎င်းတို့နှစ်ဦးဟာ ၂၀၂၄ ရာသီတုန်းက ကိုလံဘတ်စ်ခရူတွင် အတူတွဲကစားခဲ့ကြသူများလည်း ဖြစ်ပါတယ်။

ဂါနာလက်ရွေးစင်အသင်းအတွက် ကစားခွင့်ရဖူးတဲ့ ယီဘိုအာမှာ ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အထိ မန်စီးတီးအကယ်ဒမီတွင် ကစားခဲ့သူ ဖြစ်ပြီး ပထမအသင်းအတွက် ကစားခွင့် မရခဲ့ဘဲ လိုင်လီ၊ တွမ်တီး၊ အိုဗီဒိုစတဲ့အသင်းများသို့ အငှားဖြင့် သွားကစားခဲ့ရဖူပါတယ်။

သူဟာ စပိန်ကလပ် နူမန်စီယာ၊ ပိုလန်ကလပ် ဝစ်စလာခရာကောတို့တွင် ကစားခဲ့သလို ကိုလံဘတ်စ်ခရူနှင့် အယ်အေအက်ဖ်စီတို့တွင် ကစားခဲ့ပါတယ်။

ဂါနာဖွားဂျုံးစ်မှာ အမေရိကန်တွင်ပင် ကစားသမားဘဝတစ်ခုလုံး ကုန်ဆုံးလာသူ ဖြစ်ပြီး ဖယ်လာဒယ်ဖီးယားယူနီယံ၊ နက်စ်ဗေးလ်အက်ဖ်စီ၊ ဟူစတန်ဒိုင်နမို၊ ချာလော့တီအက်ဖ်စီနှင့် ကိုလံဘတ်စ်ခရူတို့တွင် ကစားခဲ့ဖူးပါတယ်။

ဂျုံးစ်မှာ အမေရိကန်ယူ-၂၀ နှင့် ယူ-၂၃ အသင်းတို့တွင် ကစားခွင့်ရခဲ့ဖူးသူ ဖြစ်ပါတယ်။

image