2 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်နည်းပြရာထူးအား ရောဘတ်တိုဒီဇာဘီ ရယူလိုစိတ် ပြင်းပြနေမှုနှင့်အတူ မိုက်ကယ်ကာရစ်အတွက် စိုးရိမ်စရာဖြစ်လာ
=====================
ဘရိုက်တန်နည်းပြဟောင်းရောဘတ်တိုဒီဇာဘီဟာ ယူနိုက်တက်နည်းပြရာထူးအား ရယူရန် စိတ်အားထက်သန်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။

အသက် ၄၆ နှစ်ရှိ အီတလီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့လတုန်းက မာဆေးနှင့် နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။

ယူနိုက်တက်နှင့် စပါးစ်တို့ဟာ နွေရာသီတွင် အမြဲတမ်းနည်းပြခန့်အပ်ရန် ရှာဖွေနေကြတာ ဖြစ်ပြီး ဒီဇာဘီက ကလပ်နှစ်ခုလုံးက စိတ်ဝင်စားနေကြပါတယ်။

ရောဘတ်တိုဒီဇာဘီဟာ စပါးစ်ရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း ယူနိုက်တက်နည်းပြရာထူးကိုသာ ရယူရန် ဆန္ဒပြင်းပြနေတယ်လို့ The Telegraph က ဖော်ပြလာပါတယ်။

ယင်းသို့ ယူနိုက်တက်နည်းပြရာထူးအား ဒီဇာဘီဘက်က စိတ်ဝင်စားနေတာ မိုက်ကယ်ကာရစ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေပါတယ်။

မိုက်ကယ်ကာရစ်ဟာ ဇန်နဝါရီလတုန်းက ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ၇ ပွဲ ကိုင်တွယ်ရာတွင် ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပါတယ်။

တဖက်တွင် ယူနိုက်တက်စီနီယာကစားသမားများဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်စ်၊ ဟယ်ရီမက်ဂွိုင်းယား၊ လုခ်ရှောအပါအဝင် စီနီယာကစားသမားများက မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာပိုင်း ချဉ်းကပ်ပုံ၊ ဘောလုံးအပေါ် ကျွမ်းကျင်နားလည်မှုအပေါ် အထင်ကြီးလေးစားနေကြကာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်စေလိုနေကြပါတယ်။

လက်ရှိအချိန်တွင် ယူနိုက်တက်တာဝန်ရှိသူများက မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မလား၊ နည်းပြသစ်ခန့်အပ်လာမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယူနိုက်တက်နည်းပြရာထူးအတွက် လျာထားခြင်းခံရသူများထဲတွင် ရောဘတ်တိုဒီဇာဘီအပြင် ဂျာမနီနည်းပြဂျူလီယန်နာဂျယ်မန်း၊ ပေါ်တူဂီနည်းပြရောဘတ်တိုမာတီနက်ဇ်တို့လည်း ပါဝင်နေပါတယ်။

ဘရိုက်တန်ကို လ ၂၀ ကိုင်တွယ်စဉ်အတွင်း ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့် ရအောင် စွမ်းဆောင်ခဲ့တဲ့ ရောဘတ်တိုဒီဇာဘီကို ခန့်အပ်ရန် စိတ်အဝင်စားဆုံးအသင်းက စပါးစ်ပါ။

စပါးစ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် ၁ မှတ်တည်းသာ ကွာဟကာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေပါတယ်။

စပါးစ်ဟာ ပြီးခဲ့တဲ့လတုန်းက သောမတ်စ်ဖရန့်ကို ထုတ်ပယ်ကာ အိုင်ဂေါ်ကျူဒိုကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့်လည်း လမ်းကြောင်းမှန်ပေါ်သို့ မရောက်သေးမှုနှင့်အတူ အနာဂတ်မရေမရာ ဖြစ်နေပါတယ်။

စပါးစ်ဟာ လာမယ်ပွဲအချို့တွင်လည်း ရလဒ်မကောင်းလာပါက ယာယီနည်းပြအိုင်ဂေါ်ကျူဒိုကို ချက်ချင်း ထုတ်ပယ်ကာ နည်းပြအပြောင်းအလဲ ထပ်မံ ပြုလုပ်လာနိုင်ပါသေးတယ်။

image