ချီရှိုင်းယားမှ ပေါင် ၅ သန်းတန် နေအိမ်ရှိ အန္တရာယ်များတဲ့ ချယ်ရီပင်ကြီးကို ခုတ်လှဲခွင့် ရရှိလာတဲ့ ယူနိုက်တက်နောက်ခံလူလုခ်ရှော
====================
ယူနိုက်တက်နောက်ခံလူလုခ်ရှောဟာ ချီရှိုင်းယားရှိ ပေါင် ၅ သန်းတန် နေအိမ်မှ အလွန်အန္တရာယ်များနေတယ်လို့ ယုံကြည်ရတဲ့ ချယ်ရီပင်ကြီးအား ခုတ်လှဲခွင့် ရရှိလာပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟာ မီတာ ၃၀ အထိ ရှည်လျားတဲ့ ယင်းချယ်ရီပင်မှာ မကြာမီ လှဲကျလာတော့မယ်လို့ ယုံကြည်နေပြီး လှဲကျလာပါက ကလေးများရဲ့ ကစားကွင်းဧရိယာကို ထိခိုက်လာမယ်လို့ ယုံကြည်နေမှုနှင့်အတူ ခုတ်လှဲခွင့်တောင်းခဲ့ပါတယ်။
ယင်းချီရှိုင်းယားရှိ ပေါင် ၅ သန်းတန် နေအိမ်တွင် အိပ်ခန်း ၇ ခန်းပါဝင်ပြီး ရေကူးကန်၊ အားကစားခန်းမတို့ ပါဝင်ပေမယ့်လည်း ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်ရန် သတ်မှတ်ထားတဲ့ ဧရိယာအတွင်းတွင် တည်ရှိနေပါတယ်။
ဒါပေမယ့် ယင်းချယ်ရီပင်ကတော့ ထိန်းသိမ်းစောင့်ရှောက်ရေးအမိန့်ဖြင့် အကာအကွယ်ပေးခြင်းခံထားရတဲ့သစ်ပင်တော့ မဟုတ်ပါဘူး။
အိမ်နီးချင်းများ (သို့မဟုတ်) ဒေသတွင်းကောင်စီကလည်း ယင်းနှင့်ပတ်သက်ပြီး တစုံတရာ ပြဿနာမရှိရာ လုခ်ရှောအနေဖြင့် ယင်းချယ်ရီပင်အား ခုတ်လှဲလာတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် လုခ်ရှောဟာ ယင်းသစ်ပင်အား ခုတ်လှဲရေးအတွက် မြေပြင်အနေအထားကို ဓာတ်ပုံများ ရိုက်ကူးကာ လျှောက်ထားမှု ပြုလုပ်ခဲ့ရပါတယ်။
သစ်ပင်ကျွမ်းကျင်သူများက ချယ်ရီပင်မှာ ရေညှိများ ဖုံးလွှမ်းနေတဲ့အပြင် အပါက်ကြီးတစ်ပေါက်လည်း ရှိနေရာ အန္တရာယ်များလာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
လုခ်ရှောဟာ ယင်းနေအိမ်ကို လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ဝယ်ယူပြီးနောက် ရေကူးကန်၊ ဂျာကူဇီ၊ အပူခံ အခန်း၊ ဘားတို့ ထပ်မံ ဖြည့်တင်းတည်ဆောက်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ်တုန်းက လုခ်ရှောဟာ ခွင့်ပြုချက်မရှိဘဲ နွေရာသီအိမ်နှင့် ဂိမ်းခန်းတစ်ခု တည်ဆောက်မှုကြောင့် ရပ်ဆိုင်းခဲ့ရပါသေးတယ်။ ဒါပေမယ့် သူဟာ အိမ်နီးချင်းများက ကန့်ကွက်မှု မရှိမှုကြောင့် ၉ ပေအမြင့်ရှိ အဆောက်အဦးအား ဆောက်လုပ်ခွင့် ရရှိခဲ့တာပါ။
လုခ်ရှောဟာ ၂၀၁၄ ခုနှစ်တွင် ဆောက်သမ်တန်မှ ပေါင်သန်း ၃၀ ဖြင့် ပြောင်းလာသူ ဖြစ်ပြီး လက်ရှိ ယူနိုက်တက်အသင်းတွင် ကလပ်သက်တမ်းအရင့်ဆုံးကစားသမားလည်း ဖြစ်ပါတယ်။