ဒုံးကျည်များ အနီးအနားတွင် ကျရောက် ပေါက်ကွဲခဲ့မှုနှင့်ကြုံခဲ့ရပြီး အီရန်နိုင်ငံမှ ၁၁ နာရီကြာ တက္ကစီဖြင့် ခရီးနှင်ပြီး ထွက်ပြေးလာနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်စတားဟောင်း
===================
ပရီးမီးယားလိဂ်စတားဟောင်းတစ်ဦးက ကွင်းပြင်ပတွင် အကြီးမားဆုံးအောင်မြင်မှုမှာ အစ္စရေးနှင့် အမေရိကန်တို့ရဲ့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံနေရတဲ့ အီရန်နိုင်ငံမှ ထွက်ပြေးလွတ်မြောက်အောင် စွမ်းဆောင်နိုင်မှု ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အသက် ၃၁ နှစ်ရှိ ဒူကန်နာဇွန်ဟာ အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန်အခြေစိုက် Esteghlal ကစားနေသူဖြစ်ပြီး စစ်ပွဲ မဖြစ်မီ အိမ်နီးချင်းများက မကြာမီ စစ်ဖြစ်လာတော့မယ်လို့ သတိပေးခြင်းခံခဲ့ရပေမယ့်လည်း ဘာမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ကာ ဂရုမစိုက်ဘဲ ဆက်နေခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စနေနေ့မှာတော့ အမေရိကန်/အစ္စရေးပူးပေါင်းစစ်ဆင်ရေးပြုလုပ်ကာ အီရန်ကို တိုက်ခိုက်လာချိန်မှာတော့ နာဇွန်ဟာ ဂိုးတွေ သွင်းယူရေး၊ အသင်းနှင့်အတူ ဆုဖလားများ ဆွတ်ခူးရေးတို့ကို ဘေးချိတ်ထားပြီး အသက်အန္တရာယ်ဘေးကင်းရေးတစ်ခုတည်းသာ ပစ်မှတ်ထားလာပါတော့တယ်။

အစ္စရေးနှင့်အမေရိကန်တို့ရဲ့ ပူးပေါင်းစစ်ဆင်နွဲမှုကြောင့် အရှေ့အလယ်ပိုင်းတွင် လေကြောင်းလိုင်းအားလုံး ရပ်ဆိုင်းထားရရာ နာဇွန်ဟာ အဇာဘိုင်ဂျန်နယ်စပ်သို့ ၁၁ နာရီကြာ တက္ကစီခရီးနှင်ခဲ့ရပြီး ဖြတ်သန်းရန် ၃၂ နာရီကြာ စောင့်ဆိုင်းခဲ့ရပါတယ်။

သူနှင့်အတူ ခရီးဆောင်အိတ်တစ်လုံး၊ လွယ်အိတ်တစ်လုံးကလွဲပြီး ဘာမှ ထူးထူးခြားခြား ပါဝင်လာခဲ့ခြင်း မရှိသလို ယင်းကာလအတွင်းတွင် ပဲရစ်အခြေစိုက်နေတဲ့ မိသားစုဝင်များနှင့်လည်း ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။

ယခုအခါမှာတော့ ဝုဗ်၊ ကိုဗင်ထရီနှင့် အိုးဟမ်းတိုက်စစ်မှူးဟောင်းဟာ ဘေးကင်းရာသို့ ရောက်လာပေမယ့် အီရန်တွင် ကျန်နေရစ်ခဲ့ကြတဲ့ အိမ်နီးချင်းများ၊ ကစားဖော်များ၊ အီရန်နိုင်ငံသားများ၊ နိုင်ငံခြားသားများအတွက် စိုးရိမ်မကင်း ဖြစ်နေရတုန်းပါ။

နာဇွန်က "ဒီခရီးက သုံးရက်နီးပါးကြာတယ်။ လူတွေက ကျွန်တော့်ကို အပတ်တိုင်း ထွက်ခွာသွားဖို့ ပြောကြတယ်။ ဒါပေမယ့် ဒီမတိုင်ခင် ရက်သတ္တပတ်တုန်းကလိုပဲ ပုံမှန်အတိုင်း ပြန်ဖြစ်လာမယ်လို့ ထင်ထားခဲ့မိတယ်။ နောက်တော့ ဖြစ်လာတော့တာပဲ။ အစ္စတန်ဘူလ်သို့ သွားမယ့် လေယာဉ်တစ်စီးမှာ ခုံတစ်ခုံရတယ်။ လေယာဉ်ပေါ် ရောက်တော့မှ ကပ္ပတိန်က ဘယ်မှ မသွားတော့ဘူးလို့ ပြောလာတယ်။ ဗုံးတွေကလည်း ‌ကြဲနေတော့ လေပိုင်နက်ပိတ်လိုက်ချလိုက်ပါပြီ။ ဒီတော့ ကလပ်က တက္ကစီ ငှားပေးတော့ ထွက်ခွာလာခဲ့တယ်။ အရမ်းနီးနီးကပ်ကပ် ပေါက်ကွဲမှုတွေ ကြုံခဲ့ရတယ်။ ကောင်းကင်မှာ ဒုံးပျံ ပျံနေတာ မြင်ခဲ့ရတယ်။ ကားဘေးနား ဗုံးပေါက်ကွဲတာ ကြုံခဲ့ရတယ်။ ဒါက စစ်ပွဲမြင်ကွင်းတစ်ခု ဖြစ်ပြီး မီးခုံးတလူလူနဲ့။ တကယ့်ကို ကြောစရာဖြစ်နေတာပါ။ ကျွန်တော် ထင်မှတ်ထားတာထက်တောင် ကြောက်စရာကောင်းပါတယ်"လို့ ပြောကြားသွားပါတယ်။

နာဇွန်ဟာ အဇာဘိုင်ဂျန်နယ်စပ်သို့ ရောက်တဲ့အခါမှ ဘေးကင်းသွားပါတော့တယ်။

ဒါပေမယ့် စာရွက်စာတမ်းကိစ္စရပ်တွေကြောင့် ချက်ချင်း နိုင်ငံကူးခွင့် မရသေးပါဘူး။ နာရီပေါင်းများစွာ ထပ်ခါ ထပ်ခါ စောင့်ဆိုင်းခဲ့ရပါတယ်။

ဆက်လက်ပြီး နာဇွန်က "လေပိုင်နက် ပိတ်ချပြီး တီဟီရန်လေဆိပ်က လေယာဉ်ခရီးစဉ်ဖျက်လိုက်တော့ ကားလမ်းသုံးပြီး ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကလပ်ကလည်း အဇာဘိုင်ဂျန်နယ်စပ်သို့ သွားဖို့ တက္ကစီတစ်စီးစီစဉ်ပေးတယ်။ ဒါပေမယ့် အဲဒီမှာ ၃၂ နာရီကြာ စောင့်ခဲ့ရတယ်။ မအိပ်ဘဲ စောင့်ခဲ့ရတာ။ အဇာဘိုင်ဂျန်အာဏာပိုင်တွေဘက်က ကုဒ်တစ်ခု လိုအပ်နေခဲ့တယ်။ ကျွန်တော့်ကို ပြန်ဖို့ ပြောလာခဲ့ကြတယ်။ အဇာဘိုင်ဂျန်အာဏာပိုင်တွေဘက်က ကျွန်တော့်ကို ပြည်ဝင်ခွင့်ပေးဖို့ အခွင့်အာဏာလိုအပ်နေခဲ့တယ်။ မဟုတ်ရင် သူတို့က ကျွန်တော့်ကို အီရန်ကို ပြန်ပို့ဖို့ စီစဉ်လာကြမယ်။ လုပ်သွားပြီးချိန်မှာ ဖြတ်မရသေးဘူး။ လုပ်ငန်းစဉ်က မှတ်ပုံတင်ပြီးသွားပြီလေ။ အွန်လိုင်းမှတ်ပုံတင်ကို ပြန်ဖျက်လို့ မရတော့ဘူး။ ဒီတော့ အဇာဘိုင်ဂျန်နယ်စပ်ကို ပြန်လာခဲ့ရပြန်တယ်။ ဒါတောင် ဝန်ထမ်းတွေက ကျွန်တော့်ကို ဝင်ခွင့်မပေးကြသေးဘူး။ တကယ့်ကို စိတ်ဖိစီးမှုများခဲ့ရတယ်။ သက်တောင့်သက်သာအနေအထားမျိုးနဲ့ မဟုတ်တော့ မအိပ်ဘဲ အကြာကြီး စောင့်ခဲ့ရတယ်။ ပြင်သစ်သံရုံးက အကူအညီပေးတော့မှ ဖြတ်ခွင့်ရခဲ့တာ။ ဒီခရီစဉ်အများစုမှာ အင်တာနက် မသုံးရတော့ မိသားစုနဲ့ မဆက်သွယ်နိုင်ခဲ့ဘူး။ ဒါက ပိုပြီးတော့ ခက်ခဲစေခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

နာဇွန်ဟာ အမေရိကန်/အစ္စရေးတို့က စစ်ပွဲမဆင်နွဲမီ အချိန်အထိ တီဟီရန်တွင် ငြိမ်းချမ်းပျော်ရွင်စရာကောင်းတဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းလာခဲ့ရတာပါ။

နာဇွန်ရဲ့ ကစားဖော်များဖြစ်ကြတဲ့ မူနာအယ်ဟာဒါဒီနှင့် မာလီလက်ရွေးစင်မူဆာဒီဂျီနီပိုတို့လည်း အီရန်နိုင်ငံမှ ထွက်ခွာသွားနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အီရန်ကစားဖော်တွေကတော့ အင်တာနက်ပြတ်တောက်မှု၊ ဖုန်းဆက်သွယ်ရေး ပြတ်တောက်မှုနှင့်အတူ ဘာဖြစ်လာမယ်ဆိုတာ မသိရသေးပါဘူး။

တဖက်တွင် နာဇွန်ကိုယ်တိုင်ဟာလည်း Esteghla အတွက် ထပ်မံ ကစားရဦးမလားဆိုတာကိုလည်း မသိရသေးပါဘူး။

ဒါပေမယ့် သေချာတာကတော့ သူဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟေတီနှင့်အတူ ကစားလာပါဦးမယ်။

image