ထိုင်းအစိုးရဝန်ထမ်းများ စွမ်းအင်ချွေတာရေးအတွက် လှေကားအသုံးပြုရန်နှင့် အိမ်မှအလုပ်လုပ်ရန် ညွှန်ကြား
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်ပြတ်လပ်မှု အခြေအနေများကြားတွင် အစိုးရဝန်ထမ်းများအနေဖြင့် စွမ်းအင်ချွေတာကြရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ်က ယနေ့ အင်္ဂါနေ့တွင် ညွှန်ကြားလိုက်သည်။ အဆိုပါ အစီအစဉ်တွင် ပြည်ပခရီးစဉ်များ ရပ်ဆိုင်းခြင်းနှင့် ဓာတ်လှေကားအစား လှေကားကို အသုံးပြုခြင်း စသည့် အချက်များ ပါဝင်သည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ လလိတာ ပီရိဆွီဝပ်တနာက "ဝန်ကြီးချုပ်ဟာ ဒီနေ့ကစပြီး အစိုးရဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့(Work from home) ညွှန်ကြားထားပါတယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော် ပြည်သူလူထုကို တိုက်ရိုက်ဝန်ဆောင်မှု ပေးရမည့် ဝန်ထမ်းများအတွက်မူ ခြွင်းချက်ထားရှိမည် ဖြစ်သည်။
အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် စွမ်းအင်အရန်သင့်ရှိမှုမှာ ၉၅ ရက်စာ ခန့်သာ ကျန်ရှိတော့ပြီး အမေရိကန်၊ သြစတြေးလျနှင့် တောင်အာဖရိကတို့မှ သဘာဝဓာတ်ငွေ့ရည် (LNG) များ ထပ်မံရရှိရန် ကြိုးပမ်းနေကြောင်း စွမ်းအင်ဝန်ကြီး အတ္တပို ရပ်ပီဘွန်က ဆိုသည်။
စွမ်းအင်သုံးစွဲမှု လျှော့ချရန်အတွက် အောက်ပါအချက်များကိုလည်း အစိုးရက ထုတ်ပြန်ထားသည်။
လေအေးပေးစက်ကို ၂၆ မှ ၂၇ ဒီဂရီစဲလ်စီးယပ်စ် အတွင်းသာ ထားရှိရန်၊ ဝတ်စားဆင်ယင်ရာတွင်ကုတ်အင်္ကျီနှင့် နက်တိုင်များအစား လက်တိုရှပ်အင်္ကျီများကို ဝတ်ဆင်ရန်၊ အသုံးမလိုသည့် မီးများနှင့် လျှပ်စစ်ပစ္စည်းများကို ပိတ်ထားရန် တို့ဖြစ်သည်။
ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၆၈% နီးပါးကို သဘာဝဓာတ်ငွေ့မှ ရရှိခြင်းဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့ရည်များ၏ ထက်ဝက်ကျော်ကို ထိုင်းပင်လယ်ကွေ့ရှိ ပြည်တွင်းထုတ်လုပ်မှုမှ ရရှိပြီး ၃၅% ကို ပြည်ပမှ တင်သွင်းနေရခြင်း ဖြစ်သည်။ အဆိုပါ တင်သွင်းမှု၏ ၁၃% မှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ဖြစ်ကြောင်း စွမ်းအင်ထိန်းသိမ်းရေး ကော်မရှင်၏ အချက်အလက်များအရ သိရသည်။
ထို့အပြင် ယခုလအစောပိုင်းတွင် ထိုင်းနိုင်ငံသည် မြန်မာနှင့် လာအိုနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများသို့ စွမ်းအင်တင်ပို့မှုကို ရပ်ဆိုင်းထားသည်။
အခြေအနေများ ပိုမိုဆိုးရွားလာပါက အောက်ပါ တင်းကျပ်သော အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ဆိုင်ခန်းများ၊ ရုပ်ရှင်ရုံများနှင့် လုပ်ငန်းခွင်များရှိ ကြော်ငြာမီးဆိုင်းများကို ပိတ်ထားခြင်း သို့မဟုတ် မှိန်ထားခြင်း၊ ဓာတ်ဆီဆိုင်များကို ည ၁၀ နာရီတွင် ပိတ်ရန် သတ်မှတ်ခြင်း၊ ပြည်သူလူထုအနေဖြင့် ကားတစ်စီးတည်းအတူစီးခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ပူးပေါင်းပါဝင်ရန် တိုက်တွန်းခြင်းတို့ဖြစ်သည်။