လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရန် စနစ်တကျကြပ် မတ်ဆောင်ရွက်ရန်လိုပြီး ပြည်သူများပူးပေါင်းပါဝင်ကြရန် နိုင်ငံတော်ယာယီသမ္မတတိုက်တွန်း

လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရန် စနစ်တကျကြပ် မတ်ဆောင်ရွက်ရန်လိုပြီး ပြည်သူများပူးပေါင်းပါဝင်ကြရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်ယာယီသမ္မတမှ ယနေ့ မတ် ၁၈ ရက်က နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးရာ၌တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖြစ်ပေါ်နေသည့် နိုင်ငံတကာအရေးအခင်းများကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၌လည်း လောင်စာဆီများအခက်အခဲဖြစ်ပေါ်လျက်ရှိရာ လျှပ်စစ်စွမ်းအင်သုံးသယ်ယူပို့ဆောင်ရေးယာဉ်များ၏ အခန်းကဏ္ဍမြင့် တက်လာပြီး လောင်စာဆီအခက်အခဲကြောင့်မလိုလားအပ်သည့် လောင်စာဆီသုံးစွဲနေမှုများအတတ်နိုင်ဆုံးလျှော့ချနိုင်ရန် အခြားနိုင်ငံများနည်းတူနည်းလမ်းရှာဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

"ဒါ့ကြောင့် တာဝန်ရှိသူတွေက စနစ်တကျကြပ်မတ်ဆောင်ရွက်ရမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းလိုပါတယ်။ မိမိတို့အနေနဲ့ နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ချိန်မှာ EV ကားတွေအသုံးပြုဖို့တိုက်တွန်းခဲ့သလို လျှပ်စစ်ရထားတွေပြေးဆွဲနိုင်ဖို့အတွက်လည်းစီမံဆောင်ရွက်ခဲ့ပါတယ်"ဟု နိုင်ငံတော်ယာယီသမ္မတက ပြောသည်။

ထို့ပြင် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ် Public Transportation ကိုပိုမိုအားပေးဆောင်ရွက်ခဲ့ကာ မိမိတို့အစိုးရတာဝန်ယူစဉ်အတွင်း ခရီးသွားများပိုမိုအဆင်ပြေချောမွေ့စွာခရီးသွားလာနိုင်ရေး၊ ကုန် စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေးတို့ကိုဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

ရထားလမ်းများအဆင့်မြှင့်တင်ခြင်း၊ ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးခြင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်မှုအား နိုင်ငံတော်ဘက်ဂျက်များဖြင့်ဆက်လက်ဆောင်ရွက်ခဲ့၍ ရထားလမ်းပြေးဆွဲမှုများပိုမိုတိုးတက်ကောင်းမွန်လာပြီး ရထားများ၏အမြန်နှုန်းကို ကီလိုမီတာ(၁၀၀)အထိမောင်းနှင်ပြေးဆွဲနိုင်ပြီဟု ပြောသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များမှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာစေရန် ပုသိမ်၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ ညောင်ဦး၊ ထားဝယ်၊ မြိတ်လေဆိပ်တို့ကို အဆင့်မြှင့်တင်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image