နိုင်ငံတကာဆက်ဆံရေးကိုတိုးမြှင့်ဆောင်ရွက်မည်

နိုင်ငံတကာနှင့်ဆက်ဆံရေးကိုတိုးမြှင့်ဆောင်ရွက်သွားမည်ဟု ယနေ့ မတ် ၁၀ ရက်ကကျင်းပသည့် နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာဆက်ဆံရေး၌ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီးတက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကျင့်သုံးပြီး နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ (၅)ချက်နှင့်အညီ စောင့်ထိန်းလိုက်နာဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

" မိမိတို့အစိုးရအနေနဲ့ တာဝန်ထမ်းဆောင်ချိန်မှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနဲ့ ကာဇတ်စတန်နိုင်ငံတွေကိုသွားပြီး နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် နိုင်ငံအကျိုးစီးပွားကိုပိုမိုမြှင့်တင်နိုင်ဖို့အလေးထားဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားရပါမယ်"ဟု နိုင်ငံတော်ယာယီသမ္မတက ပြော သည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့ကြပြီး လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကို ၎င်းတို့တွေ့မြင်ခဲ့ကြသည်ဟု ပြောသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တရားစွဲဆိုမှုအား နိုင်ငံတော်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် တရားရင်ဆိုင်မှုကာလအထိ တရားစီရင်မှုအဆင့်အားလုံးတွင်ပါဝင်ရင်ဆိုင်ခဲ့ပြီး ဥပဒေကြောင်းအရထိရောက်စွာဖြေရှင်းဆောင်ရွက်ခဲ့သည်ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။

image