၂၀၂၃ ခုနှစ်တုန်းက မက်ဆီအား ပြန်လည်ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လာပေါ်တာ ပိတ်ပင်ခဲ့ကြောင်း ဂန္ထဝင်ကစားသမားဇာဗီး ဖွင့်ချလာ
====================
ဘာစီလိုနာဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့အပြင် နည်းပြဟောင်းတစ်ဦးလည်း ဖြစ်တဲ့ ဇာဗီးက ၂၀၂၃ ခုနှစ်တုန်းက လီယွန်နယ်မက်ဆီအား ပြန်လည် ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ဥက္ကဌဂျိုဟန်လာပေါ်တာက ဗီတိုအာဏာသုံး ပိတ်ပင်ခဲ့ကြောင်း ဖွင့်ချလာပါတယ်။
ဘာစီလိုနာဟာ Ballon d'Or ၈ ကြိမ် ရ လီယွန်နယ်မက်ဆီအား ခေါ်ယူရေးအတွက် လာလီဂါရဲ့ ခွင့်ပြုချက် ရရှိခဲ့ပေမယ့်လည်း လာပေါ်တာရဲ့ ပိတ်ပင်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
La Vanguardia နှင့် ပြုလုပ်တဲ့ အင်တာဗျူးတွင် ၂၀၂၄ ခုနှစ် မေလတုန်းက ဘာစီလိုနာနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဇာဗီးက မက်ဆီမှာ ကာတာတွင် အာဂျင်တီးနားနှင့် အတူ ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက် ဘာစီလိုနာသို့ ပြန်ရန် ဆန္ဒပြင်းပြနေခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
ဇာဗီးက "ဥက္ကဌကလည်း အမှန်တရားကို မပြောဘူး။ ကမ္ဘာ့ဖလားဆွတ်ခူးပြီးချိန်မှာ ကျွန်တော်တို့အကြား အဆက်အသွယ် ရှိလာတယ်။ သူလည်း ပြန်လာဖို့ စိတ်လှုပ်ရှားနေခဲ့တယ်။ ဒါကို ကျုပ်လည်း မြင်ရတယ်။ မတ်လအထိ စကားပြောခဲ့ကြတယ်။ 'အိုကေ မင်းဘက်က အဆင်ပြေပြီဆိုရင် ဥက္ကဌကို ငါ ပြောလိုက်တော့မယ်၊ ဘောလုံးရှုထောင့်က ကြည့်ရင် ဒါက ကောင်းတဲ့ လုပ်ရပ်'လို့ ပြောခဲ့တယ်။ နောက်တော့ ဘာဖြစ်သွားလဲ?။ ဥက္ကဌဟာ လီယိုရဲ့အဖေနဲ့ ဆွေးနွေးခဲ့တယ်။ လာလီဂါရဲ့ ခွင့်ပြုချက် ရလာတယ်။ ဒါပေမယ့် ဥက္ကဌက အရာအားလုံးကို လွှင့်ပစ်ခဲ့တယ်။ ဘာလို့လဲ သူ ရှင်းပြလား။ လာပေါ်တာက ကျုပ်ကို ဘာပြောလဲသိလား၊ တကယ်လို့ လီယိုသာ ရောက်လာရင် လုပ်ခပြဿနာ ကြုံလာရမှာမို့ ခွင့်မပြုဘူးလို့ ပြောပါတယ်။ နောက်တော့ ချက်ချင်းဆိုသလို လီယိုဟာ ကျုပ်ဖုန်းခေါ်ဆိုမှုကို ပြန်မဖြေတော့ဘူး။ သူ့ကို တဖက်က အပြောင်းအရွှေ့ မဖြစ်နိုင်တော့ဘူးလို့ ပြောလာလို့ပါ။ သူ့အဖေကို ဖုန်းဆက်တော့ 'ဒါတော့ မဖြစ်နိုင်ဘူး ဂျော့'လို့ ပြောတော့ သူက 'ဥက္ကဌနဲ စကားပြောပြီးပြီ'လို့ ပြန်ပြောတယ်။ ကျုပ်ကလည်း လီယိုနဲ့ ငါးလတောင် စကားပြောလာတာ။ အပြောင်းအရွှေ့ ဖြစ်ပြီ။ သူ့ဘောလုံးအရည်အသွေးနဲ့ပတ်သက်ပြီး ဘာမှ သံသယဝင်စရာ မရှိဘူး။ ဘဏ္ဍာရေးပိုင်းအတွက် Montjuïc (ကွင်း)ကို သုံးမယ်။ ဒီလို လုပ်ဖို့ စီစဉ်ထားတာ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဇာဗီးက မက်ဆီအား အသင်းသို့ ပြန်ခေါ်ဆောင်လာရေး ကတိပေးပြီးမှ ဖြစ်မြောက်လာခြင်း မရှိမှုနှင့်အတူ ၎င်းတို့အကြား ဆက်ဆံရေးအပေါ် ထိခိုက်ခဲ့ကြောင်းလည်း ဖွင့်ဟ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ဇာဗီးက လီယွန်နယ်မက်ဆီရဲ့ ဘာစီလိုနာသို့ ပြန်ရေးမှာ ငွေကြေးကြောင့် (သို့မဟုတ်) လာလီဂါကြောင့် မဖြစ်လာမှာမဟုတ်ဘဲ လာပေါ်တာကြောင့်သာ မဖြစ်လာမှာ ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
လာပေါ်တာဟာ ဘာစီလိုနာဥက္ကဌရာထူးအား ၃ ကြိမ်ဆက် တာဝန်ထမ်းဆောင်ရန် ဗစ်တာဖွန်တီ၊ မာ့ခီရီယာတို့နှင့် ယှဉ်ပြိုင်သွားပါဦးမယ်။