အရှေ့အလယ်ပိုင်း စွမ်းအင်အကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တက္ကသိုလ်များကို စောစီးစွာ ပိတ်သိမ်း

အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့်ဆက်စပ်နေသည့် စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်တွင် လျှပ်စစ်မီးနှင့် လောင်စာဆီများကို ချွေတာရန် အရေးပေါ်အစီအမံများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တနင်္လာနေ့မှစတင်ကာ တက္ကသိုလ်အားလုံးကို ပိတ်ထားမည်ဖြစ်ပြီး အီးဒ် (Eid al-Fitr) ရုံးပိတ်ရက်များကို စော၍စတင်လိုက်သည်။

ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ် အားလုံးနှင့် သက်ဆိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဤလုပ်ရပ်သည် လျှပ်စစ်မီးသုံးစွဲမှုကို လျှော့ချပေးရုံသာမက လောင်စာဆီ အလေအလွင့်ဖြစ်စေသည့် ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း သက်သာစေမည်ဟု တာဝန်ရှိသူများက ပြောသည်။

တက္ကသိုလ်နယ်မြေများရှိ အဆောင်များ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် လေအေးပေးစက်များအတွက် လျှပ်စစ်မီး အမြောက်အမြား သုံးစွဲနေရပြီး ယခုကဲ့သို့ စောစီးစွာ ပိတ်သိမ်းလိုက်ခြင်းက နိုင်ငံ၏ ဝန်ပိနေသော လျှပ်စစ်စွမ်းအားစနစ်အပေါ် ဖိအားများကို လျော့ကျစေရန် ကူညီပေးလိမ့်မည်ဟု တာဝန်ရှိသူများက ဆိုသည်။

အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လဖြစ်သော ရမ်မာဒန်လအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများကို ပိတ်ထားပြီးဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ ပညာရေးအဖွဲ့အစည်းအများစုသည် ယခုကာလအတွင်း ဆက်လက်ပိတ်ထားမည်ဖြစ်သည်။

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်များ ကမောက်ကမဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လောင်စာဆီနှင့် ဓာတ်ငွေ့ထောက်ပံ့မှုအပေါ် မသေချာမရေရာမှုများ ပိုမိုရင်ဆိုင်လာရချိန်တွင် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းဖြစ်သည်။

နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၉၅ ရာခိုင်နှုန်းကို ပြည်ပသွင်းကုန်များအပေါ် မှီခိုနေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စိုးရိမ်တကြီး ဝယ်ယူစုဆောင်းမှုများ ဖြစ်ပေါ်ပြီးနောက် သောကြာနေ့တွင် လောင်စာဆီရောင်းချမှုကို နေ့စဉ်ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

ပိုမိုကျယ်ပြန့်သော ခြိုးခြံချွေတာရေး အစီအမံများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစိုးရသည် လျှပ်စစ်မီးသုံးစွဲမှုကို ကန့်သတ်ရန်အတွက် နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် ကျောင်းအားလုံးနှင့် ပုဂ္ဂလိက ကျူရှင်စင်တာများကို ဤကာလအတွင်း လုပ်ငန်းများရပ်ဆိုင်းထားရန် တောင်းဆိုထားသည်။

ပြင်းထန်သော ဓာတ်ငွေ့ပြတ်လပ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံပိုင် မြေဩဇာစက်ရုံ ၅ ရုံအနက် ၄ ရုံကို လုပ်ငန်းများရပ်ဆိုင်းခဲ့ရပြီးလျှပ်စစ်မီးပြတ်တောက်မှုများကို ရှောင်ရှားရန် ရနိုင်သမျှ ဓာတ်ငွေ့များကို လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပြောင်းလဲပို့ဆောင်ပေးခဲ့ရသည်။

နိုင်ငံသည် ထောက်ပံ့မှုကွာဟချက်များကို ဖြည့်ဆည်းရန် နောက်ထပ် ကုန်တင်သင်္ဘောများကို ရှာဖွေနေစဉ် ဈေးကွက်မှ LNG သဘာဝဓာတ်ငွေ့ရည်များကို အလွန်မြင့်မားသော ဈေးနှုန်းများဖြင့် ဝယ်ယူခဲ့ရသည်။

“ကျွန်တော်တို့အနေနဲ့ သုံးစွဲမှုကို လျှော့ချဖို့နဲ့ လျှပ်စစ်မီး၊ လောင်စာဆီနဲ့ သွင်းကုန်ထောက်ပံ့မှုတွေမှာ တည်ငြိမ်မှုရှိစေဖို့ လုပ်နိုင်တာမှန်သမျှ အကုန်လုပ်နေပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

image