အမေရိကန်သည် အီရန်တွင် 'ကြီးမားသော စစ်ရေးတိုးတက်မှုများ' ရရှိနေကြောင်း ထရမ့်ပြောကြား
အမေရိကန်သည် အီရန်ကို ဒုတိယမြောက်သီတင်းပတ်အဖြစ် ဆက်လက်တို-က်ခိုက်နေပြီး၊ ယင်း၏ရလဒ်အနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်နေချိန်တွင် အမေရိကန် စစ်တပ်၏ အောင်မြင်မှုကို သမ္မတ ထရမ့်က တနင်္လာနေ့တွင် ချီးကျူးပြောဆိုခဲ့သည်။
အမေရိကန်နှင့် အစ္စရေးဦးဆောင်သော စစ်ပွဲစတင်ပြီးကတည်းက ဖလော်ရီဒါပြည်နယ်၊ ဒိုရယ်လ်(Doral) ရှိ သူ၏အပန်းဖြေစခန်းတွင် ပထမဆုံးအကြိမ် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထရမ့်က "ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက် ပြီးမြောက်ဖို့ ကြီးမားတဲ့ တိုးတက်မှုတွေ ရရှိနေပါတယ်။ တချို့ကဆိုရင် တော်တော်လေးကို ပြီးပြည့်စုံနေပြီလို့တောင် ပြောနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။ "အီရန်မှာရှိတဲ့ တပ်ဖွဲ့တိုင်းကို ကျွန်တော်တို့ အပြည့်အဝ ရှင်းလင်းပစ်ခဲ့ပြီးပါပြီ၊ အီရန်ရဲ့ ရေတပ်အင်အား အများစုကိုလည်း နစ်မြုပ်ပစ်ခဲ့ပါတယ်။" ဟုလည်းဆိုသည်။
"ကျွန်တော်တို့ရဲ့ ကနဦး သတ်မှတ်ထားတဲ့ အချိန်ဇယားထက် အများကြီး စောနေပါတယ်။ တစ်လလောက်ကြာပြီးမှ ဒီအခြေအနေကို ရောက်မယ်လို့ ကျွန်တော်တို့ ထင်ထားခဲ့တာဟာ ခုတော့ မဟုတ်တော့ဘူးလို့ ပြောချင်ပါတယ်" ဟု ထရမ့်က ပြောသည်။
ထို့ပြင် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးကဲ့သို့သော "အရေးအကြီးဆုံး ပစ်မှတ်တချို့" ကို တိုက်ခိုက်ခြင်းမှ ဆိုင်းငံ့ထားကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။
"ဒါကြောင့် မလုပ်မဖြစ်မှလွဲပြီး ကျွန်တော်တို့ ဒါကို လုပ်ဖို့မရည်ရွယ်ပါဘူး။ ဒါပေမဲ့ အဲဒီနေရာတွေက တိုက်ခိုက်ဖို့ အရမ်းလွယ်ကူပြီး၊ တကယ်လို့ တိုက်ခိုက်ခံရမယ်ဆိုရင်တော့ အလွန်ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေမယ့် နေရာမျိုးတွေပါ။ အဲဒါတွေကို မတိုက်ခိုက်ခင် ဘာဆက်ဖြစ်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်၊ ကျွန်တော်တို့ အဲဒါတွေအားလုံးကို တစ်ရက်တည်းနဲ့ အကုန်ချေမှုန်းပစ်နိုင်ပါတယ်" ဟု သူက ဆိုသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာခြင်းသည် အမေရိကန်ထက် အခြားနိုင်ငံများကို ပိုမိုထိခိုက်စေကြောင်းလည်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
မကြာသေးမီရက်ပိုင်းအတွင်း အမေရိကန်တွင် ဓာတ်ငွေ့ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သော်လည်း သူကမူ "ဒါက ကျွန်တော်တို့ကို သိပ်ပြီး မထိခိုက်ပါဘူး" ဟု ပြောခဲ့သည်။
"ရေရှည်မှာတော့ အီရန်သင်္ဘောတွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေ၊ နျူကလီးယား ခြိမ်းခြောက်မှု ဒါမှမဟုတ် တခြားဘယ်အရာရဲ့ ခြိမ်းခြောက်မှုမှ မရှိတော့ဘူးဆိုရင် ရေနံထောက်ပံ့မှုတွေက သိသိသာသာကို ပိုပြီး လုံခြုံလာမှာပါ" ဟု သူက ပြောသည်။
သမ္မတရာထူးပြန်လည်ရယူပြီးကတည်းက ဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းအောင် မည်သို့လုပ်ဆောင်ခဲ့ကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ့ရှိသော ထရမ့်အတွက် ဓာတ်ငွေ့တစ်ဂါလန်၏ ပျမ်းမျှဈေးနှုန်း မြင့်တက်လာခြင်းသည် နိုင်ငံရေးပြဿနာတစ်ရပ် ကြီးထွားလာနေချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ရေနံစိမ်းဈေးနှုန်းများသည် တနင်္လာနေ့တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ နီးပါးအထိ ရောက်ရှိခဲ့ပြီးနောက် ပြန်လည်ကျဆင်းသွားခဲ့သည်။
သို့သော်လည်း တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမတိုင်မီ ထရမ့်က CBS News သို့ ပြောကြားရာတွင် "စစ်ပွဲက အတော်လေးကို ပြီးပြည့်စုံနေပြီ"ဟု ပြောကြားခဲ့သည်။
အီရန်တွင် "ရေတပ်မရှိတော့ဘူး၊ ဆက်သွယ်ရေးတွေမရှိတော့ဘူး၊ သူတို့မှာ လေတပ်မရှိတော့ဘူး။ သူတို့ရဲ့ ဒုံးကျည်တွေလည်း ဖရိုဖရဲဖြစ်သွားပြီ။ သူတို့ရဲ့ ဒရုန်းတွေရော၊ ဒရုန်းထုတ်လုပ်တဲ့ နေရာတွေပါ အကုန်လုံး ဖေ-ာက်ခွဲဖျ-က်ဆီးခံရပြီးပါပြီ" ဟု သူက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဓာတ်ငွေ့ဈေးနှုန်းအတွက် မိမိစိုးရိမ်ပူပန်မှုမရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပြီးနောက် ထရမ့်၏ ယခု နောက်ဆုံးသုံးသပ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
"ရေနံဈေးတွေ တက်လာမယ်လို့ ကျွန်တော်တို့ တွက်ထားပြီးသားပါ၊ တက်လည်း တက်လာမှာပါ။ အင်း... ပြီးရင် ပြန်ကျသွားမှာပါ။ အရမ်းမြန်မြန် ပြန်ကျသွားမှာပါ" ဟု ၎င်းက ပြောသည်။
အမေရိကန်ပြည်သူများအပေါ် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုး သက်သာစေမည့် နည်းလမ်းများကို အစိုးရအဖွဲ့က ရှာဖွေနေကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သော်လည်း အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အစိုးရကို ရည်ညွှန်းလျက် "ကမ္ဘာမြေပြင်ပေါ်က အလွန်ကြီးမားတဲ့ ကင်ဆာရောဂါဆိုးကြီးကို ဖယ်ရှားပစ်ရန်" လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် ဤသို့ ရေနံဈေးနှုန်းများ မြင့်တက်သွားခြင်းမှာ တန်ကြောင်း ဆိုသည်။
"ဒါဟာ လွန်ခဲ့တဲ့ ၄၇ နှစ်ကတည်းက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုအတွက် အချိန်တိုအတွင်း စစ်ဆင်ရေးလုပ်တာဖြစ်ပါတယ်။ ဒါကိုလုပ်ဖို့ ၄၇ နှစ်တောင် အချိန်ယူခဲ့ရပြီး ဘယ်သမ္မတမှ ဒီလိုလုပ်ရဲတဲ့ သတ္တိမရှိခဲ့ပါဘူး" ဟု ထရမ့်က ပြောသည်။
ထရမ့်အစိုးရအဖွဲ့သည် အီရန်ကို တိုက်ခိုက်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ အမျိုးမျိုးသော သတင်းစကားများပေးခဲ့ပြီး အချို့သော ကိစ္စရပ်များတွင် အကြောင်းပြချက်များ ရှေ့နောက်မညီ ဖြစ်နေသဖြင့် ပြည်သူလူထု၏ ထောက်ခံမှုရယူနိုင်စွမ်းကို ထိခိုက်စေနိုင်ခြေရှိသည်။ မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အမေရိကန်ပြည်သူ အများစုသည် အီရန်ရှိ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ကြပြီး ထရမ့်၏ အရှေ့အလယ်ပိုင်းနိုင်ငံအပေါ် ကိုင်တွယ်ဖြေရှင်းပုံကို သဘောမတူကြောင်း တွေ့ရသည်။