သက်ကြီးပုဂ္ဂိုလ်များ စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်
သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲမှရရှိလာမည့် အကြံပြုချက်များနှင့် ဆွေးနွေးချက်များကို အခြေခံ၍ သက်ကြီးပုဂ္ဂိုလ်များ စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
ယမန်နေ့က ကျင်းပသည့် သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ တွင် ပြည်ထောင်စု၀န်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သက်ကြီးပုဂ္ဂိုလ်များ၏ စကားသံများကို နားထောင်ပြီး လိုအပ်သော ပံ့ပိုးမှုများ ဆောင်ရွက်နိုင်စေရန်၊ လူ့အဖွဲ့အစည်းအတွင်း သက်ကြီးပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်စေရန်၊ သက်ကြီးပုဂ္ဂိုလ်များအပေါ် အလေးထားမှုကို ပြသနိုင်စေရန်နှင့် သက်ကြီးများအချင်းချင်း တွေ့ဆုံခြင်းဖြင့် အတွေ့အကြုံများ မျှဝေနိုင်စေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲများကို လုပ်ဆောင်နေကြောင်းလည်း ဒေါက်တာစိုးဝင်းက ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်မြို့၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်းကောင်း၊ မန္တလေးမြို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက်တွင်လည်းကောင်း ကျင်းပခဲ့ပြီး ယခုနေပြည်တော်၌ တတိယအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ စောင့်ရှောက်ရေးလုပ်ငန်းများကို ဘိုးဘွားရိပ်သာ အခြေပြုစောင့်ရှောက်ခြင်း၊ ရပ်ရွာအခြေပြုစောင့်ရှောက်ခြင်းနှင့် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ်စောင့်ရှောက်ခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။