နိုင်ငံတော်သီချင်း မသီဆိုဘဲ သပိတ်မှောက်ခဲ့မှုကြောင့် မိခင်နိုင်ငံသို့ ပြန်ချိန်တွင် နှိပ်စက်ညှင်းပန်းမှုခံရမယ့်အရေးနှင့် ရင်ဆိုင်နေရတဲ့ အီရန်အသင်း
==================
အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဟာ နိုင်ငံတော်သီချင်း မသီဆိုဘဲ သပိတ်မှောက်ဆန္ဒပြခဲ့ပြီးနောက် မွေးရပ်မြေသို့ ပြန်ချိန်တွင် ညှင်းပန်းနှိပ်စက်ခြင်းခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဟာ ဩစတြေးလျနိုင်ငံတွင် ကျင်းပနေတဲ့ အာရှအမျိုးသမီးဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပြီး တောင်ကိုရီးယားနှင့် အဖွင့်ပွဲစဉ်တွင် နိုင်ငံတော်သီချင်းသီဆိုမှု မပြုလုပ်ဘဲ ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။
အီရန်ကစားသမားများဟာ အီရန်တွင် ဖြစ်ပျက်ခဲ့တဲ့ ဆန္ဒပြမှုများအား အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းမှု၊ အမေရိကန်/အစ္စရေးတို့နှင့် စစ်ပွဲ ဖြစ်နေမှုတို့အား ဆန့်ကျင်တဲ့အနေဖြင့် နိုင်ငံတော်သီချင်း မသီဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အီရန်အသင်းသားများဟာ အိမ်ရှင် ဩစတြေးလျနှင့် ရင်ဆိုင်တဲ့ အုပ်စုဒုတိယပွဲစဉ်မှာတော့ နိုင်ငံတော်သီချင်း ပြန်လည်သီဆိုကာ အလေးပြုမှု ပြုလုပ်ခဲ့ကြပါတယ်။
အီရန်အသင်းဟာ အမေရိကန်နှင့် အစ္စရေးတို့က အီရန်အား တိုက်ခိုက်မှု မပြုလုပ်မီ ရက်အနည်းငယ်အလိုကတည်းက ဩစတြေးလျသို့ ရောက်နေခဲ့တာပါ။
အီရန်အမျိုးသမီးအသင်းဟာ အဖွင့်ပွဲတွင် နိုင်ငံတော်သီချင်း မသီဆိုမှုကြောင့် သစ္စာဖောက်များအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။
၎င်းတို့ဟာ အဖွင့်ပွဲ ၂ ပွဲလုံး ရှုံးနိမ့်ထားကာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဖီလစ်ပိုင်နှင့် ရင်ဆိုင်ရပါမယ်။
ယနေ့ ဖီလစ်ပိုင်နှင့်ပွဲစဉ်တွင်လည်း ရှုံးနိမ့်လာပါက အီရန်အသင်းဟာ အုပ်စုအဆင့်မှ ထွက်ခွာရပါမယ်။
အီရန်အမျိုးသမီးအသင်းဟာ အီရန်သို့ ပြန်ချိန်တွင် သစ္စာဖောက်များအဖြစ် သတ်မှတ်ခံထားရမှုနှင့်အတူ ညှင်းပန်းနှိပ်စက်ခြင်းခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ယင်းသို့ အခြေအနေများကြောင့် ဩစတြေးလျနိုင်ငံသားများဟာ အီရန်အမျိုးသမီးအသင်းကို နိုင်ငံတွင် ခိုလှုံခွင့်ပေးရေး လက်မှတ်ထိုးထောက်ခံမှု ၄၄၀၀၀ ပါဝင်တဲ့ စာအား ပြည်ထဲရေးဝန်ကြီးတိုနီဘာကီအား တောင်းဆိုမှု ပြုလုပ်ထားပါတယ်။
လက်ရှိအချိန်တွင် ဩစတြေးလျအာဏာပိုင်အဖွဲ့က အီရန်အမျိုးသမီးအသင်းနှင့် ဆက်သွယ်မှု ပြုလုပ်ထားခြင်း ရှိ/မရှိတော့ မသိရသေးပါဘူး။
အီရန်အမျိုးသားလက်ရွေးစင်အသင်းဟာလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အင်္ဂလန်နှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် အစိုးရအား ဆန့်ကျင်တဲ့အနေဖြင့် နိုင်ငံတော်သီချင်း သီဆိုခဲ့ခြင်း မရှိသလို ဂိုးသွင်းနိုင်ချိန်တွင်လည်း ဂိုးသွင်းအောင်ပွဲခံမှု မပြုလုပ်ခဲ့ကြပါဘူး။