မူးယစ်ဆေးဝါးရောင်းချမှုဖြင့် မာရာဒိုနာရဲ့သား ဖမ်းဆီးခြင်းခံရ
====================
အာဂျင်တီးနားဂန္ထဝင်ဒီယေဂိုမာရာဒိုနာရဲ့ လျို့ဝှက်သားလို့ နှစ်ပေါင်းများစွာ ပြောဆိုလာတဲ့ လူတစ်ဦးဟာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခြင်းခံလာရပါတယ်။
ဆန်တီယာဂိုလာရာဟာ ဘရူနိုအေရိပ်စ်ရဲ့ အရှေ့တောင်ပိုင်း မိုင် ၄၀ အကွာရှိ လာပလာတာတွင် ဖခင်ဖြစ်သူမာစယ်လိုအပါအဝင် အခြား ၂ ဦးနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တို့ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာတွင် ကိုကင်း၊ ဆေးခြောက်အစေး၊ အက်စတက်စီ၊ ခရစ္စတယ်မက်သ်တို့အပြင် ဝိတ်ချိန်ကိရိယာ၊ မိုဘိုင်းဖုန်း ၇ လုံး၊ ငွေသားများ ဖမ်းဆီးရမိခဲ့ပါတယ်။
ဆန်တီယာဂိုဟာ ၂၀၁၆ ခုနှစ်တုန်းက အသက် ၁၅ နှစ်အရွယ်တုန်းက မာရာဒိုနာရဲ့ ၆ ဦးမြောက် သားဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုရာမှ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။
၎င်းက ၂၀၀၆ ခုနှစ်တွင် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်သွားတဲ့ သူ့မိခင်မှာ အသက် ၂၃ နှစ်အရွယ်တုန်းက မာရာဒိုနာနှင့် ၇ နှစ်တိုင်တိုင် လျို့ဝှက်ချစ်ကြိုက်ခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
၎င်းက အသက် ၁၃ နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှာ မာရာဒိုနာ ဖြစ်ကြောင်း အသိပေးခြင်းခံခဲ့ရကြောင်း ဆိုခဲ့သလို ၎င်းမှာလည်း ဖခင်ဖြစ်သူမာရာဒိုနာကဲ့သို့ ဆံပင်မျိုး ပိုင်ဆိုင်ထားပါတယ်။
မာရာဒိုနာဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တုန်းက ကွယ်လွန်ခဲ့ပြီး ဆန်တီယာဂိုက DNA စစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့ပါသေးတယ်။
ဒါပေမယ့် တကယ်တမ်း DNA စစ်ဆေးချိန်မှာတော့ ဆန်တီယာဂိုက မာရာဒိုနာရဲ့ သားမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆန်တီယာဂိုရဲ့ ဖခင်အရင်းမှာလည်း လက်ရှိ ဖခင်မာစီလိုလာရာ ဖြစ်ကြောင်း တွေ့ရပါတယ်။
ဖခင်ဖြစ်သူလာရာက မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
၎င်းတို့ သားအဖနှင့်အတူ ဖမ်းဆီးခံရတဲ့ အခြားတစ်ဦးက အကျဉ်းထောင်ဝန်ထမ်းမာရီယာဟိုဆေးဘိုရန်ဖြစ်ကြောင်းလည်း သိရပါတယ်။