ဆန်ဒရိုတိုနာလီအား ခေါ်ယူရန် လျို့ဝှက်ကင်းထောက်မှု ပြုလုပ်လာတဲ့ ရီးရဲလ်မက်ဒရစ်
====================
ရီးရဲလ်မက်ဒရစ်ဟာ ဆန်ဒရိုတိုနာလီအား ခေါ်ယူရန် အာဆင်နယ်၊ ယူနိုက်တက်၊ မန်စီးတီး၊ ချဲလ်ဆီးတို့နှင့် အပြိုင် ကြိုးပမ်းလာပါတယ်။

ရီးရဲလ်မက်ဒရစ်ကင်းထောက်များဟာ စနေနေ့ညတုန်းက မန်စီးတီးကို နယူးကာဆယ်တို့ ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ အက်ဖ်အေဖလားပဥ္စမပွဲစဉ်အား လာရောက်ကြည့်ရှုကာ ဆန်ဒရိုတိုနာလီအား ကင်းထောက်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကင်းထောက်များဟာ လာမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များမတိုင်မီ ဂွါဒီယိုလာရဲ့ မန်စီးတီးအား ကင်းထောက်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကင်းထောက်များဟာ ချန်ပီယံလိဂ် ရှုံးထွက်ပြိုင်ဘက် မန်စီးတီးအပြင် အသက် ၂၅ နှစ်ရှိ အီတလီကွင်းလယ်ကစားသမားဆန်ဒရိုတိုနာလီရဲ့ ခြေစွမ်းကိုလည်း ကင်းထောက်မှု ပြုလုပ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီတွင် အသင်းရဲ့ အားအနည်းဆုံးနေရာဖြစ်တဲ့ ကွင်းလယ်ကို အားဖြည့်ရန် စီစဉ်နေပြီး အာဆင်နယ်၊ မန်စီးတီးတို့နှင့် အပြိုင် ပေါင်သန်း ၁၀၀ တန်ကြေးရှိ တိုနာလီအား ခေါ်ယူရေး အပြိုင် ကြိုးပမ်းလာပါတယ်။

နယူးကာဆယ်ဟာ နွေရာသီတုန်းက အလက်ဇန္ဒားအီဆက်ခ်ကို လီဗာပူးသို့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ ဖြင့် ရောင်းချထားရာ ဆန်ဒရိုတိုနာလီအား ရောင်းချရေး ဘဏ္ဍာရေးဖိအား မရှိပါဘူး။

တဖက်တွင် ဆန်ဒရိုတိုနာလီဟာ ဇန်နဝါရီလတုန်းက ဇနီးသည်ဂျူလီယက်မှာ သားလေးလီယိုနာဒိုအား မွေးဖွားထားကာ အရှေ့မြောက်ပိုင်းတွင် အထိုင်ကျနေမှုနှင့်အတူ နယူးကာဆယ်တွင် ပျော်ရွှင်ကာ အသင်းပြောင်းရေး ကလပ်ကို ဖိအားပေးခြင်း မရှိပါဘူး။

ဒါ့အပြင် ဆန်ဒရိုတိုနာလီဟာ လောင်းကစားမှုကြောင့် ကာလရှည်ပွဲပယ်ခံထားရစဉ်အတွင်း သူ့ကို အားပေးကူညီတဲ့ နယူးကာဆယ်အပေါ်တွင်လည်း ကျေးဇူးတင်နေပါတယ်။

ဒါပေမယ့် ဆန်ဒရိုတိုနာလီဟာ ကမ္ဘာ့အကြီးကျယ်ဆုံးကလပ် ရီးရဲလ်မက်ဒရစ်ကသာ ခေါ်ယူရေး ကြိုးပမ်းလာမည်ဆိုပါက စိတ်အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ပါတယ်။

တဖက်တွင် နယူးကာဆယ်ကတော့ တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ တန် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ တိုနာလီအား အသင်းတွင် ဆက်ထိန်းရေး အစွမ်းကုန် တိုက်ပွဲဝင်လာမှာ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် မရှိမှု၊ ရီးရဲလ်မက်ဒရစ်က ဆွဲဆောင်လာမှုတို့က တားဆီးရေး ခက်ခဲလာမယ့် အခြေအနေမှာ ရှိနေပါတယ်။

image