ပြည်တွင်းသို့ စက်သုံးဆီသင်္ဘော ၁၄ စီး စဉ်ဆက်မပြတ် ဝင်ရောက်လာမည်
စွမ်းအင်ဝန်ကြီးဌာနက ယနေ့ မတ် ၈ ရက်ညပိုင်း၌ ထုတ်ပြန်ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘော ၁၄ စီး ဝင်ရောက်လာမည် ဖြစ်သည်ဟု ဆိုသည်။
ယနေ့ မတ် ၈ ရက်တွင် သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ပြီး သင်္ဘော (၂)စီး ရှိနေသည်။
ထို့အပြင် လမ်းခရီး၌ သင်္ဘော (၄)စီး၊ ဆီတင်နေသည့် သင်္ဘော (၃)စီးနှင့် ဆီတင်ရန်စောင့်ဆိုင်းနေသည့် သင်္ဘော (၅) စီး စုစုပေါင်း စက်သုံးဆီသင်္ဘော ၁၄ စီး ရှိနေကြောင်းလည်း ထုတ်ပြန်သည်။
ထို့ကြောင့် ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းမှု မဖြစ်ပေါ်စေရန်နှင့် စက်သုံးဆီ ခြိုးခြံ ချွေတာသုံးစွဲနိုင်စေရေး ကြပ်မတ် ဆောင်ရွက်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။