ဘောလုံးထိမှန်ကာ မပျံသန်းနိုင်တော့ကြောင့် ခိုကြောင့် အက်သလက်တီကိုနှင့် ဆိုစီဒက်ပွဲ ခေတ္တရပ်ဆိုင်းခဲ့ရ
====================
အက်သလက်တီကိုမက်ဒရစ်က ဆိုစီဒက်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ လာလီဂါပွဲစဉ်တွင် ခိုတစ်ကောင်ကြောင့် ပွဲကို ခေတ္တရပ်ဆိုင်းခဲ့ရပြီး နောက်ခံလူဟိုဆေးဂျီမီနက်ဇ်က ငှက်ကို ကွင်းမှာ ကောက်ယူပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ရပါတယ်။
ယင်းပွဲရဲ့ ပွဲချိန် ၂၂ မိနစ်တွင် ခိုတစ်ကောင်ဟာ ဘောလုံးထိမှန်မှုကြောင့် ဒဏ်ရာရရှိကာ ကွင်းအတွင်းပြုတ်ကျလာခဲ့ပါတယ်။ ဥရုဂွေးနောက်ခံလူဟာ ဒဏ်ရာရရှိနေတဲ့ ခိုကို ကောက်ယူပြီး ဘေးကင်းရာသို့ ပို့ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဂျီမီနက်ဇ်က "ဘာဖြစ်နေသလဲလို့ ဒိုင်ကို မေးခဲ့တယ်။ သူက ခိုတစ်ကောင်ကြောင့်လို့ ပြောလာပါတယ်။ ကျုပ်ကလည်း တကယ်ကြီးလားလို့ ပြန်ပြောခဲ့တယ်။ ခိုတစ်ကောင်ကြောင့် ပွဲကို ရပ်လိုက်တာတဲ့လား။ ခိုကို ကောက်ယူလိုက်တယ်။ စည်းကမ်းနဲ့ ကိုက်ညီလားဆိုတာတော့ မသိပါဘူး။ ဒဏ်ရာအပြင်းအထန် မရဖို့တော့ မျှော်လင့်တယ်။"လို့ ပြောကြားသွားပါတယ်။
အဆိုပါပွဲစဉ်တွင် ဂျီမီနက်ဇ်ဟာ အလက်ဇန္ဒားဆော်လော့ အဖွင့်ဂိုးသွင်းနိုင်အောင် လက်ပစ်ဘောပစ်ကာ ဖန်တီးခဲ့သလို ဒုတိယဂိုးရရှိအောင်လည်း ဖန်တီးပေးခဲ့ပါသေးတယ်။