ဂိုး ၉၀၀ ပြည့် သွင်းနိုင်ဖို့ ၁ ဂိုးတည်းသာ လိုတော့တဲ့ လီယွန်နယ်မက်ဆီ
====================
လီယွန်နယ်မက်ဆီဟာ ဒီစီယူနိုက်တက်အား အင်တာမိုင်ယာမီက အနိုင်ရတဲ့ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ ဂိုး ၉၀၀ ပြည့်သွင်းယူနိုင်ရန် ၁ ဂိုးတည်းသာ လိုတော့တဲ့ အခြေအနေသို့ ရောက်ရှိလာခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းခေါင်းဆောင်ဟာ ဒီစီယူနိုက်တက်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ ပထမပိုင်း ၂၇ မိနစ်တွင် အသင်းရဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် မေဂျာလိဂ်သို့ ရောက်လာခဲ့တဲ့ Ballon d'Or ၈ ကြိမ်ရ မက်ဆီဟာ အင်တာမိုင်ယာမီအတွက် ဂိုး ၈၀ သွင်းယူထားနိုင်ပြီးလည်း ဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအတွက် ၆၇၂ ဂိုး၊ ပီအက်စ်ဂျီအတွက် ၃၂ ဂိုးနှင့် ကမ္ဘာ့ဖလား ၃ ကြိမ် ချန်ပီယံ အာဂျင်တီးနားအတွက် ၁၁၅ ဂိုးသွင်းပေးထားပါတယ်။

မက်ဆီဟာ လာမယ့် မတ်လ ၁၁ ရက်နေ့ နက်စ်ဗီးလ်နှင့်ပွဲစဉ်တွင် ကစားသမားဘဝ ဂိုး ၉၀၀ ပြည့် သွင်းယူနိုင်ရေး ကြိုးပမ်းရပါမယ်။

မက်ဆီဟာ ကစားသမားဘဝ ဂိုး ၉၀၀ ပြည့် သွင်းနိုင်ဖို့ ၁ ဂိုးတည်းသာ လိုတော့မှုနှင့်အတူ ကာလရှည်ကြာ ပြိုင်ဘက် ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဂိုး ၉၀၀ ပြည့်သွင်းနိုင်သူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက ခရိုအေးရှားနှင့်ပွဲမှာ ဂိုးသွင်းယူပြီးနောက် ကစားသမားဘဝ ဂိုး ၉၀၀ ပြည့်သွင်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဟာ လက်ရှိအချိန်တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၉၆၅ ဂိုးသွင်းယူထားပြီး ဂိုးတစ်ထောင်ပြည့် သွင်းယူနိုင်ရေး ကြိုးပမ်းနေပါတယ်။

image