မိုးတွေရွာနေတဲ့အချိန်မှာ လိပ်ပြာလေးတွေ ဝဲပျံနေတာမျိုး
မြင်ဖူးကြပါရဲ့လား ။ အတောင်ပံကို မိုးရေစိုတဲ့အခါ ပျံသန်းရခက်တာကြောင့် လိပ်ပြာလေးတွေဟာ မိုးရွာထဲမှာ ဘယ်တော့မှ မပျံသန်းကြဘူးတဲ့ ။ ဘယ်လောက်တောင် လိမ္မာပါးနပ်စွာနဲ့ ကိုယ့်အန္တရာယ်ကို ကာကွယ်တတ်လိုက်လေသလဲနော် ။
တကယ်ဆို လိပ်ပြာလေးတစ်ကောင်အဖြစ်နဲ့ လေပြည်တွေ ကြား ၊ ပန်းတွေကြား လူးလာကစားနိုင်ဖို့ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဖြစ်စဉ်ဟာလည်း လွယ်ကူခဲ့တာမှမဟုတ်တာ ။ အသွေးအရောင်မျိုးစုံနဲ့ လှပနေတဲ့ အတောင်ပံတွေကို
တဖျပ်ဖျပ်ခတ်ရင်း ဝေဟင်မှာ လွတ်လပ်စွာ ဝဲပျံနိုင်တဲ့ လိပ်ပြာလေးတစ်ကောင် ဖြစ်လာဖို့ရာ ပေါက်ဖတ်လေးဘဝမှာ ဘယ်လောက်တောင် ရုန်းကန်သည်းခံခဲ့ရရှာသလဲ ။
ဒါကြောင့် လိပ်ပြာလေးဟာ သူ့အသက် ၊ သူ့ခန္ဓာကို အသိ ဉာဏ်နဲ့ကာကွယ်ပြီး တန်ဖိုးထားတတ်တယ် ။ ကိုယ်တို့ကရော.... ရခဲလှတဲ့ လူ့ဘဝကို ရထားပါရဲ့သားနဲ့ ကိုယ့်အတောင်ပံကို လေးလံစေမယ့် မိုးစက်တွေကြားထဲ မျက်စိစုံမှိတ်ပြီး တိုးဝင်ပျံသန်းကြည့်ချင်သေးတယ် မဟုတ်လား။
လူ့ဘဝဆိုတာလည်း လွယ်လွယ်ရလာတာ မဟုတ်သလို လူ ပီသတဲ့လူတစ်ယောက် ဖြစ်လာဖို့ ၊ လောကဓံလှိုင်းတံပိုးတွေကြားမှာ ကိုယ်လိုရာ ကမ်းကပ်နိုင်ဖို့ ၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အသုံးဝင်တဲ့ သူတစ်ယောက် ဖြစ်လာဖို့ ကြိုးစားရှင်သန်ရတာလည်း ခက်ခဲတဲ့ ဖြစ်စဉ်တစ်ခုပါပဲ ။
ဒါကြောင့် ကိုယ့်အတောင်ပံကို လေးလံစေမယ့် မိုးစက်တွေကို ဘယ်လိုရှောင်ရှားသင့်သလဲဆိုတာ တွက်ဆတတ်ဖို့ လိုပါတယ် ။ ပျံသန်းသင့်တဲ့ အချိန်လား ၊ မိုးတိတ်ချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသင့်တဲ့ အချိန်လားဆိုတာ ပိုင်းခြားတတ်ရပါတယ် ။ လိပ်ပြာလေးတွေလို ကိုယ့်ဒုက္ခကို လိမ္မာပါးနပ်စွာနဲ့ ကိုယ့်ဘာသာ ကြည့်ရှောင်တတ် ရပါတယ် ။ ကိုယ်ရထားတဲ့ ကိုယ့်ဘဝလေးကို ၊ ကိုယ့်ဖြစ်တည်မှုလေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာမှန်သမျှကိုလည်း ဉာဏ်ကလေး လွှာသုံးပြီး ကာကွယ်စောင့်ရှောက်တတ်ရပါတယ် ။
လိပ်ပြာလေးတွေတောင် သူတို့ဘဝ ၊ သူတို့အသက် ၊ သူတို့ ခန္ဓာကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်တတ်ကြသေးရင် လိပ်ပြာလေးတွေထက် ဦးနှောက်ပိုကြီးတဲ့ ကိုယ်တို့ကရော လေးလံစေမယ့် မိုးစက်တွေကြား ပျံသန်းသင့်ပါရဲ့လားဆိုတာ...။
Yoon@precious Y

image